ရခိုင်စစ်ဘေးရှောင်များအတွက် အရံဆန်ထားရှိမည့်အစီအစဉ် စတင်ဆောင်ရွက်

ရခိုင်စစ်ဘေးရှောင်များအတွက် အရံဆန်ထားရှိမည့်အစီအစဉ် စတင်ဆောင်ရွက်

ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးတိမ်းရှောင်နေကြသည့် ဒုက္ခသည်များအတွက် အရံဆန်ထားရှိမည့်အစီအစဉ်ကို အရပ်ဖက်အဖွဲ့အစည်းအချို့က အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်။

တိုက်ပွဲဖြစ်ပွားနေသောဒေသများ၌ ဆန်(စပါး) စိုက်ပျိုးခွင့်မရှိကြသလို နောက်နှစ်များတွင်လည်း စိုက်ပျိုးခွင့်မရရှိပါက ဆန်ရှားပါးမည့်ပြဿနာ ကြုံတွေ့လာနိုင်သဖြင့် အရံဆန်ထားရှိမည့် အစီအစဉ်ကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း Colourless ပရဟိတအဖွဲ့ထံမှ သိရသည်။

လက်ရှိမှာ ရသေ့တောင်မြို့နယ်မှ စတင်ပြီး ဆန်အိတ် ၁၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း Colourless အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကိုကိုကြီးက ပြောသည်။

“အစိုးရက အရံဆန်ဝယ်ယူမယ့်ကိစ္စကို မလုပ်တော့ဘူးလို့သိရတော့ ကျနော်တို့က စလုပ်ရတာပေါ့။ ကျနော်တို့မှာ ဆန်လုပ်ငန်းရှင်တွေနဲ့ စာချုပ်ချုပ်ပြီး အဲဒီလုပ်ငန်းရှင်တွေဆီမှာ သိုလှောင်ထားမယ်။ လိုအပ်တဲ့အခါ အဲဒီကနေတစ်ဆင့်ထုတ်ပြီး ကူညီပေးသွားမယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

၎င်းအစီစဉ်ကို Colorless ပရဟိတအဖွဲ့မှ ဦးဆောင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ လူမူရေးအသင်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ရန်အတွက် အလှူငွေရရှိမှုအပေါ် မူတည်နေပြီး မြို့နယ်အလိုက် ကန့်သတ်စုဆောင်းထားမည့် ကိစ္စရပ်များကို တွက်ချက်ထားပြီးဖြစ်ကြောင်း၊ စုဆောင်းထားသည့် အရံဆန်များကို ယခုနှစ် ဒီဇင်ဘာလဆိုလျှင်

သိုလှောင်ထားသော နေရာမှထုတ်ယူကာ အရေးပေါ်လိုအပ်နေသည့် ဒုက္ခသည်စခန်းများကို ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ရှင်းပြသည်။

“စစ်ပွဲနဲ့ ကာလအနေအထားကိုကြည့်ပြီး ကျနော်တို့က ရေရှည် Plan (အစီအစဉ်) ဆွဲထားတယ်။ စစ်ပွဲက ဘယ်တော့ ငြိမ်းမလဲမသိဘူးဆိုတော့ ရေရှည်သွားရမယ့် plan ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိမှာ ရခိုင်ပြည်အတွင်း စစ်ဘေးတိမ်းရှောင်နေရသူဦးရေ ၆ သောင်းကျော်အထိ ရှိလာပြီး ဒုက္ခသည်စခန်းများကို လှူဒါန်းနေသည့် နိုင်ငံတကာအဖွဲ့အစည်းများအား အစိုးရက ပိတ်ပင်နေခြင်းတို့ရှိ၍ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာပြတ်လပ်မှုများ ရှိနေသည်။

ထို့ကြောင့် ရခိုင်တိုင်းရင်းသားများကို အုပ်ချုပ်နေသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအနေဖြင့် ရခိုင်ပြည်သူများကို မျက်နှာလွှဲမထားပဲ ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ပေးရန်အတွက် ဦးကိုကိုကြီးက တောင်းဆိုခဲ့သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...