နော်အုန်းလှကို ဖမ်းဆီးမှု ကရင်တစ်မျိုးသားလုံးအပေါ် ထိပါးစော်ကားခြင်းဖြစ်သည်ဟု KNU Concerned Group ပြော

နော်အုန်းလှကို ဖမ်းဆီးမှု ကရင်တစ်မျိုးသားလုံးအပေါ် ထိပါးစော်ကားခြင်းဖြစ်သည်ဟု KNU Concerned Group ပြော

ကရင်အာဇာနည်နေ့ အခမ်းအနားကို ဦးဆောင်ကျင်းပပြုလုပ်သည့် ကရင်အမျိုးသမီးအစည်းအရုံး(KWU) ဥက္ကဌ နော်အုန်းလှအား ကျောက်တံတားမြို့နယ်ရဲ စခန်းတာဝန်ရှိသူများက လာရောက် ဖမ်းဆီးခေါ် ဆောင် သွားမှုသည် ကရင်တစ်မျိုးသားလုံးအပေါ် ထိပါးစော်ကားစိန်ခေါ်လိုက်ခြင်းဖြစ်သည်ဟု KNU Concerned Group က ယနေ့ (စက်တင်ဘာလ ၁၀)တွင် သဘောထားထုတ်ပြန်၍ ပြောဆိုလိုက်သည်။

KNU Concerned Group အဖွဲ့ခေါင်းဆောင် KNU ဒု-ဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်က “နော်အုန်းလှကို ဒီလို ဖမ်းသွားတာ လုံးဝမဖြစ်သင့်ပါဘူး။ သူမဟာ ကရင်တစ်မျိုးသားလုံး လေးစားရတဲ့ အာဇာနည်တွေကို အောက် မေ့ဖွယ်ရာ အထိမ်းအမှတ်နဲ့ ဦးဆောင်ကျင်းပသွားတာပါ။ ဒီလိုဖမ်းဆီးခေါ်သွားတာက ကရင်တစ်မျိုးသား လုံးကို ထိပါးစော်ကားအောင်လုပ်သွားတာပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် နော်အုန်းလှအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားမှုအပေါ် လုံးဝကန့်ကွက် ရှုတ်ချကြောင်းနှင့် ယခုလို ဖြစ်ပေါ်လာခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးယောက်အတွက်သာမက ကရင်ပြည် သူ အားလုံးနှင့် ဆိုင်သောကိစ္စရပ်ဖြစ်သည့်အတွက် ကရင်အဖွဲ့အစည်းများအားလုံးပူးပေါင်းပြီး နော်အုန်းလှကို ဝန်းရံသွားကြရန် လိုအပ်သည်ဟု ပဒိုနော်စီဖိုးရာစိန်က ဆက်ပြောသည်။

၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပရန် သက်ဆိုင်ရာက ခွင့်မပြုသည့် အတွက် ငြိမ်းစုစီတင်ကာ မဟာဗန္ဓုလပန်းခြံရှေ့၌ သြဂုတ် ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည့်အပေါ် နော်အုန်းလှ အပါအဝင် ကရင်လူငယ်နှစ်ဦးဖြစ်သည့် စသိန်းဇော်မင်းနှင့် စောအဲဘတ်ချိုတို့ကို ငြိမ်းစုစီ ဥပဒေအရ ကျောက် တံတားမြို့နယ် ရဲစခန်းက တရားစွဲဆိုထားခြင်းဖြစ်သည်ဟု သိရသည်။

ထိုနောက် ကျောက်တံတား ရဲစခန်းက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် ရဲစခန်းကို လာရောက်ရန် အကြောင်းကြားခဲ့ သော်လည်း မလာရောက်သည့်အတွက်ကြောင့်ဟုဆိုကာ နော်အုန်းလှကို စက်တင်ဘာ ၉ ရက်နေ့၊ ည ၇ နာရီ ကျော် ခန့်က အလုံမြို့နယ်ရဲစခန်းတွင် အမျိုးသမီးအမှုကိစ္စ ကူညီဆောင်ရွက်ပေးနေစဉ်အချိန်တွင် ကျောက် တံတားမြို့ နယ်ရဲစခန်း တာဝန်ရှိသူများက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယခုလိုဖမ်းဆီးအရေးယူမှုသည် ကရင်လူမျိုးများမှ အမှန်တရားမြတ်နိုးမှု၊ တရားမျှတမှု၊ သတ္တိရှိမှုနှင့်စည်း လုံးညီညွတ်မှုကို ပြသရန်လိုအပ်နေကြောင်း၊ ပြည်တွင်း ပြည်ပရှိ ကရင်တစ်မျိုးသားလုံးမှ ဤမတရား ဖမ်းဆီး မှုနှင့် ကရင်တစ်မျိုးသားလုံး အပေါ် ထိပါးစော်ကားနေမှုကို အဖက်ဖက်မှ ဆန့်ကျင်ကန့်ကွက်ကြပါရန်ကိုလည်း KNU Concerned Group က တိုက်တွန်းထားသည်။

“နော်အုန်းလှကို ပြန်မလွတ်ဘူးဆိုရင် ကရင်တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့အတွက်ကြောင့် ဖြစ်ပေါ် လာနိုင် တဲ့နောက် ဆက်တွဲ ပြဿနာတွေက ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ ထိခိုက်လာနိုင်သလို၊ ပြည်တွင်း ပြည်ပ ကရင်လူမျိုးအားလုံးအနေနဲ့လည်း ကရင်အမျိုးသားရေးလှုပ်ရှားမှုမှာ လှုံ့ဆော်မှုတစ်ရပ် ဖြစ်လာနိုင်တယ်”ဟု ပဒိုနော်စီဖိုးရာစိန်က မှတ်ချက်ပြုသည်။

KNU Concerned Group သည် ပြီးခဲ့သည့် ၂၀၁၇ခုနှစ်၊ ဇွန်လပိုင်းတွင် ယခင် ကေအဲန်ယူ ဒု-ဥက္ကဌ ဟောင်း ပဒိုနော်စီဖိုးရာစိန်မှ ဦးဆောင်ဖွဲ့စည်း၍ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ချက်များကို စောင့် ကြည့်ဖော်ပြသဘောထားထုတ်ပြန်မှုများပြုလုပ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

၆၉ နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့တွင် ဦးဆောင်ကျင်းပခဲ့သူ KWU-ကရင် အမျိုးသမီးအစည်းအရုံးမှ နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရားစွဲဆိုထား မှုအပေါ် ဝိုင်းရံကာကွယ်ကူညီပေးကြရန် KNU Concerned Group အပါအဝင် ပြည်တွင်း၊ ပြည်ပရှိ ကရင်အဖွဲ့အစည်းအချို့က သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြသည်။

နော်အုန်းလှအား တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ကျောက်တံတား မြို့နယ် တရားရုံး၌ အမှုလာတင်ကာ ရုံးထုတ်ခဲ့ပြီးနောက် တရားသူကြီးက လာမည့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရုံးချိန်းပေးလိုက်သည်။ ခရိုင်တရားသူကြီးက အာမခံ လျှောက်ခွင့်ပြုသော်လည်း နော်အုန်းလှဘက်က အာမခံမ လျှောက်သဖြင့် လက်ရှိတွင် အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားခဲ့ပြီဟု သိရသည်။

Most read this week

December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...
December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...