ရေရှည်ခိုင်ခံ့သည့်ပင်လယ်ရေတားတမံဆောင်ရွက်ပေးရန် အစိုးရထံ ဒေသခံများတောင်းဆို

ရေရှည်ခိုင်ခံ့သည့်ပင်လယ်ရေတားတမံဆောင်ရွက်ပေးရန် အစိုးရထံ ဒေသခံများတောင်းဆို
အလှပ်ကျေးရွာအုပ်စု ရေတားတမံ(MNA)
အလှပ်ကျေးရွာအုပ်စု ရေတားတမံ(MNA)

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အလှပ်ကျေးရွာအုပ်စုတွင် ဒေသခံများကိုယ့်အားကိုယ်ကိုးဖြင့် ပြန်လည်တည်ဆောက်နေသည့် ပင်လယ်ရေတားတမံတစ်ခုကို ရေရှည်ခိုင်ခန့်စေရေး ကူညီဆောင်ရွက်ပေးရန် မွန်ပြည်နယ်အစိုးရထံ တောင်းဆိုထားကြောင်းသိရသည်။

အဆိုပါရေတားတမံသည် ကျောက်တုံးများသာ စီချထားသည့်အတွက် ပင်လယ်ရေတိုက်စားသည့်အခါ တမံများကျိုးပေါက်သဖြင့် ခိုင်ခံ့သည့်ရေတားတမံပြုလုပ်ပေးရန် အစိုးရထံတောင်းဆိုရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အခုဒီပုံစံနဲ့ဆိုရင် မကာကွယ်ပေးနိုင်ဘူး။ ကျောက်လေးတွေစီပြီး ဘိလပ်မြေနဲ့လုပ်လိုက်မယ်ဆိုရင် ဘကြီးတို့ရွာကို ကာကွယ်ပေးနိုင်တာပေါ့၊ ခုအတိုင်းဆိုရင် ဘယ်လိုပဲလုပ်လုပ်အရာမရောက်ဘူး ငွေကုန်ပြီးအလကားဖြစ်မယ် အဲဒါကြောင့်မွန်ပြည်နယ်အစိုးရကိုတင်ပြတယ် ဘကြီးတို့ လိုချင်တာက ခိုင်ခိုင်ခံ့ခံ့ပေါ့နော် ဒါမှလည်းရေတိုက်စားမှုကိုခံနိုင်မယ်”ဟု ဒေသခံ ဦးမြင့်ဦးက ပြောသည်။

လက်ရှိရေတားတမံကို အနည်းငယ်မြှင့်ပေးပြီး ခိုင်ခိုင်ခံ့ခံ့လေးဖြစ်သွားပါက   ကျေးရွာအတွက် စိတ်ချရမည့်အနေအထားရှိလာမည်ဖြစ်ကြောင်း ဦးမြင့်ဦးက ဆက်ပြောသည်။

“တကယ်လို့ အစိုးရကလုပ်ပေးမယ်ဆိုရင် ဦးလေးတို့အနေနဲ့ ဝမ်းသာတယ်ပေါ့ အနည်းဆုံး ၈ ပေ ၉ ပေလောက် ထပ်မြှင့်နိုင်ပေးရင်တော့ ကျွန်တော်တို့ရွာအတွက်  စိတ်ချရမှာဖြစ်တယ်” ဟု ၎င်းကဆိုသည်။    

အလှပ်ကျေးရွာအုပ်စု ခင်တန်းကျေးရွာတွင် ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ထားသည့် ရေတားတမံအရှည် ပေတစ်ထောင်ခန့်ရှိပြီး ပင်လယ်ရေတိုက်စားမှုကြမ်းသည့်အတွက် တစ်ချို့နေရာတွင် တာပေါက်ပြီး ပင်လယ်ရေဝင်နေကြောင်း အလှပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းတင်၏ ပြောပြချက်အရသိရသည်။

ဦးသိန်းတင်က “အခုသူတို့စီနေတာက ပေ ၁ ထောင်လောက်ရှိပြီး ကျောက်တုန်းတွေက ကပ်ထားရုံပဲနော်၊ လှိုင်းပုတ်ရင်တော့မခံနိုင်ဘူး” ဟု ဆိုသည်။

ပေါင်မြို့နယ်ရှိ အလှပ်ကျေးရွာအုပ်စု ပင်လယ်ကမ်းစပ်တစ်လျှောက်တွင် ခင်တန်းရွာ၊ ဆယ်အိမ်စုစသည့် ကျေးရွာများရှိပြီး အလျားပေ ၁ သောင်း ၂ ထောင်ကျော် ရှိသည့်ပင်လယ်ရေတားတမံကို ပြီးခဲ့သည့် ၂၀၁၆/၁၇ ခုနှစ်က မွန်ပြည်နယ်အစိုးရ၏ဘတ်ဂျက်ဖြင့် တည်ဆောက်ပေးခဲ့ပြီး ယခုအခါ  ပင်လယ်ရေးတိုက်စားမှုကြောင့် အချို့နေရာတွင် တာကျိုး၍ ပင်လယ်ရေငံဝင်ဝင်ရောက်လျက်ရှိသည်။

May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...