တိုက်ပွဲလျော့ချရေး တိကျသည့် သဘောတူညီချက် မရ

တိုက်ပွဲလျော့ချရေး တိကျသည့် သဘောတူညီချက် မရ

အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့တို့ ကျိုင်းတုံတွင် တွေ့ဆုံစဉ် လတ်တလောဖြစ်ပွားနေသော တိုက်ပွဲများ လျော့ချနိုင်ရေး ဆွေးနွေးခဲ့သော်လည်း တိကျသည့် ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် နှစ်ဖက်ကိုယ်စားလှယ်များက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများလျော့ချနိုင်းရေးနှင့် ပတ်သက်၍ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးဇော်ဌေးက သတင်း စာရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောသည်။

“အခုလတ်တလော လမ်းမကြီးအမြန်ဆုံးလုံခြုံစွာနဲ့ သွားလာနိုင်ဖို့၊ ကူးသန်းရောင်းဝယ်မှု စီးဆင်းနိုင်ဖို့အပြင် ဆက်စပ်နေတဲ့ တိုက်ပွဲတွေ မဖြစ်ဖို့ ကျနော်တို့က အဆိုပြုချက် နှစ်ချက်ပြုတယ်။ အဲ့ဒါကို သူတို့ဘက်ကလည်း မဆုံးဖြတ်နိုင်တဲ့အတွက် သူတို့ပြန်သွားရင် ခေါင်းဆောင်တွေကြား ပြန်ဆွေးနွေးဖို့ရှိတယ်။ ဆွေးနွေးပြီးရင်တော့ အကြောင်းပြန်မယ်လို့သိရတယ်။ ကျနော်တို့ဘက်ကတော့ အမြန်ဆုံးလုပ်ပေးဖို့ တောင်းဆိုထားတယ်” ဟု ပြောသည်။

တိုက်ပွဲများလျှော့ချရေးသည် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖက်စလုံးတွင် အဓိကတာဝန်ရှိသည်ဟု ULA/AA က “တိုက်ပွဲလျော့ကျမယ်ဆိုတဲ့ဟာမျိုးကတော့ နှစ်ဦးနှစ်ဘက်လုံး အပေါ်မှာ မူတည်တယ်။ ကျနော်တို့ဘက်ကပဲ သက်သက်ကြီးလျော့လို့မရဘူး။ မြန်မာ့တပ်မတော်ကလည်း လက်ရှိအနေအထားတွေက ပြန်ပြီးတော့ မြေပြင်မှာ ရောက်နေတဲ့လူတွေရဲ့ အပေါ်မှာလည်း မူတည်တယ်။ သူတို့အမိန့်ပေးတဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ အပေါ်မှာလည်း မူတည်တယ်” ဒေါက်တာညိုထွန်းအောင်က သတင်းထောက်အား ဖြေကြားခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့ (ယနေ့) တွင် ကျိုင်းတုံတွင် ပဏာမ အပစ်ရပ်နိုင်ရေး နှစ်ဖက် တွေ့ဆုံညှိနှိုင်းခဲ့ကြသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် တပ်မတော်ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည့်အတွက် ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူ ၅ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိ ခဲ့ကြသည်။

ယနေ့ ဆွေးနွေးမှုအပြီး အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တို့ ပူးတွဲ ထုတ်ပြန်ချက်ထဲတွင် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရေး Bilateral Ceasefire Agreement (အပြန်အလှန် အပစ်ရပ် သဘောတူညီချက်) လက်မှတ်ရေးထိုးရေးကို ဦးတည်၍ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်ဟု ပါရှိသည်။

ဦးဇော်ဌေးက “ဒီနေ့ဆွေးနွေးပွဲရဲ့ ဦးတည်ချက်က ဘာလဲဆိုတော့ လတ်တလောတိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့၊ နံပါတ်နှစ်က Bilateral Ceasefire Agreement ၊ အဲ့ Agreement ပြီးရင်တော့ နံပါတ်သုံးက အခုနကပြောတဲ့ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး အဲ့ဒါသွားမှာ” ဟု ဆက်ပြောသည်။

ULA/AA က ဒေါက်တာညိုထွန်းအောင်က “ဒီနေ့ဆွေးနွေးပွဲကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လက်ရှိပြတ်တောက်နေတဲ့ အချိန်ကာလကို ရှေ့ဆက်ပြီးတော့ ဘယ်လိုသွားမလဲ၊ မတွေ့တာကြာပြီဆိုတော့ ပြဿနာတွေက ထပ်ပြီးတော့ ပိုဖြစ်တယ်။ ဆိုတော့ ဒီပြဿနာတွေကို ပြေပြေလည်လည်ဖြေရှင်းအောင် ဘယ်လိုလုပ်မလဲ ဆိုပြီးတဲ့ဟာမျိုးပါ အဓိကရည်ရွယ်ချက်။ တိုက်ပွဲတွေကို ဘယ်လိုလျော့ချမလဲဆိုတဲ့ဟာမျိုးကိုတော့ အချိန်ရ သလောက်ထဲမှာတော့ ရသလောက်ဆွေးနွေးခဲ့ပါတယ်”ဟု ပြောသည်။

တပ်နေရာ ချထားရေးကိစ္စနှင့် ပတ်သက်၍လည်း မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့က တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားမည်ဟု ပူးတွဲထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

ဆွေးနွေးပွဲတွင် တပ်နေရာ ချထားရေးကိစ္စရပ်များ တိုက်ပွဲမဖြစ်ပွားရန် မည်သို့ ဆောင်ရွက်မည်ဆိုသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ ရယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ နှင့် ဆက်လက်ဆွေးနွေးရန်သဘောတူညီခဲ့ကြပါသည်။

သို့သော်လည်း ယနေ့တွေ့ဆုံဆွေးနွေးမှုတွင် တပ်မတော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်းမရှိသောကြောင့် တပ်နေရချထားရေးကိစ္စရပ်များ ဆွေးနွေးနိုင်ခဲ့ခြင်းမရှိဟုလည်း ဒေါက်တာညိုထွန်းအောင်က ဆက်ပြောသည်။

“တပ်နေရာချထားရေးက မြန်မာ့တပ်မတော်ဘက်က ခေါင်းဆောင်တွေ မပါတော့ ကျနော်တို့ သိပ်ပြီးတော့ မဆွေးနွေးခဲ့ပါဘူး။ ဒီနေ့ပါလာတဲ့ ကိုးကန့်၊ ပလောင်၊ ရခိုင်၊ ကချင် (၄) က ယူလာတဲ့ မူကြမ်းကိုတော့ NRPC ဘက်ကို ပေးခဲ့ပါတယ်။ အလုပ်ဖြစ်တယ်။ အကောင်းဘက်ကို ရောက်တယ်၊ ကျနော်တို့လည်း အကောင်းဆုံးကို မျှော်လင့်ခဲ့တယ်။”

ထို့အပြင် Bilateral Ceasefire Agreement လက်မှတ်ရေးထိုး ပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ဆက်လက်ညှိနှိုင်းသွားရန်သဘောတူညီခဲ့ကြသည့်အပြင်နောက်တစ် ကြိမ် တွေ့ဆုံဆွေးနွေးမှုကို စက်တင်ဘာလ ၁၆ ၊ ၁၇ တွင် တွေ့ဆုံရန်နှင့် တွေ့ဆုံမည့် နေရာကို ၂ ဖက် ဆက်လက် ညှိနှိုင်းရန် သဘောတူညီခဲ့သည်ဟု အစိုးရနှင့် မြောက်ပိုင်း မဟာ မိတ်အဖွဲ့ ၄ ဖွဲ့၏ ပူးတွဲ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

လာမည့်တွေဆုံဆွေးနွေးပွဲကို မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့က ပန်းဆန်းတွင်ပြုလုပ်ရန် အဆိုပြုခဲ့ပြီး အစိုးရကိုယ်စားလှယ်များကတော့ ယနေ့ကျင်းပသည့် ကျိုင်းတုံတွင်ကျင်းပရန် သဘောထားပေးခဲ့ကြောင်း၊ သို့သော်လည်း ဆွေးနွေးပွဲနေရာကိစ္စ ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ပြောသည်။

အစိုးရနှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင် လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

၎င်းမြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်းဖြစ်သည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...