ဘူးသီးတောင်မြို့နယ်မှ ဖမ်းဆီးခံထားရသူ ၅ ဦး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်

ဘူးသီးတောင်မြို့နယ်မှ ဖမ်းဆီးခံထားရသူ ၅ ဦး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် AA နှင့်ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးထားသူ ၅ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်လှစ်ထားပြီး ယနေ့သြဂုတ်လ ၁၃ ရက်နေ့တွင် ဘူးသီးတောင် မြို့နယ်တရားရုံးမှ ချုပ်ရမန်ရယူခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူ ၅ ဦးမှာ ကျောက်ရံကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးစံမောင်၊ မူလတန်းပြကျောင်းဆရာ ဦးနိုင်အောင်ထွန်းနှင့် ကျောက်ရံကျေးရွာမှ ဦးကျော်သူစိုး၊ သရက်ပြင်ကျေးရွာမှ မောင်ထွန်းစိန်၊ ဖုံညိုလိပ်ကျေးရွာမှ မောင်ဖြူဒေါင်းတို့ဖြစ်ကြသည်။

“ဒီနေ့ရမန်ယူတဲ့အထဲမှာ ကျနော့်သားရယ်၊ ကျောက်ရံအုပ်ချုပ်ရေးမှူးရယ် အပါအဝင် အရပ်သား ၃ ဦးလည်းပါတယ်။ ကျနော့်သားနဲ့တွေ့ခွင့်ရတော့ သူ့မျက်နှာတွေမှာ ဖူးရောင်နေတာတွေ့တယ်။ ကျနော်မေးကြည့်တော့ ရိုက်နှက်သတ်ပုတ်စစ်ဆေးတာတွေ ရှိတယ်လို့ပြောတယ်” ဟု ကျောင်းဆရာ ဦးနိုင်အောင်ထွန်း၏ဖခင် ဦးဘသန်းမောင်က ပြောသည်။

ကျောက်ရံကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာ ဦးနိုင်အောင်ထွန်းအား သြဂုတ်လ ၉ ရက် နေ့ကဖမ်းဆီးခဲ့ပြီး ကျောက်ရံကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အခြားသူများကို သြဂုတ်လ ၁၀ ရက်နေ့တွင် တပ်မတော်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ၅ ဦးအား အကြမ်းဖက်တိုက်ဖျက်ရေးဥပေဒပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်လှစ်ထားခြင်းဖြစ်သည်။

သို့သော် တပ်မတော်မှ ကျောက်ရံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံမောင်၊ မူလတန်းပြကျောင်းဆရာ ဦးနိုင်အောင်ထွန်းနှင့် တံငါလုပ်ငန်းလုပ်ကိုင်သူ ဦးကျော်သူစိုးတို့သုံးဦးကိုသာ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးမှုများသည် လူမျိုးရေးအရမကျေနပ်၍ အနိုင်ကျင့်သည်ဟုမှတ်ယူကြောင်း ရက္ခိုင့်တပ်တော် (AA)မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကဆိုသည်။

“ကျောက်ရံအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးတာလည်း ရခိုင်ဖြစ်တဲ့အတွက် မတရားဖမ်းဆီးတာလို့ပဲ ကျနော်တို့ မြင်တယ်။ သူတို့ဟာ လူမြင်သွားလို့ရှိရင် ပုဒ်မအမျိုးမျိုးတပ်ပြီးစွဲချက်တင်တယ်။ လူမမြင်လိုက်ဆိုလို့ရှိရင် ဖျောက်လိုက်တယ်။ အဲ့လိုတွေအများကြီးဖြစ်နေတယ် ရခိုင်ပြည်နယ်ထဲမှာ။ ဒါတွေက လူမျိုးရေးအရမကျေနပ်လို့ ရခိုင်တွေကို အနိုင်ကျင့်တယ်လို့ပဲ ကျနော်တို့ကမှတ်ယူတယ်” ဟု ခိုင်သုခကပြောသည်။

ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် မူလတန်းပြကျောင်းဆရာ ဦးနေဇော်လင်းကိုလည်း သြဂုတ်လ ၇ ရက်နေ့တွင် တပ်မတော်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(ခ)တို့ဖြင့်အမှုဖွင့်လှစ်ကာ ချုပ်ရမန်ယူစစ်ဆေးလျက်ရှိသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...