တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့တောင်းဆို

တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့တောင်းဆို
ဓာတ်ပုံ - AA
ဓာတ်ပုံ - AA

မြန်မာပြည်မြောက်ပိုင်းနှင့် ရခိုင်ဒေသများတွင် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ပေးရန် တိုင်းရင်းသားလက်နက်ကိုင် TNLA ၊ MNDAA၊ AA တို့သုံးဖွဲ့က သြဂုတ်လ ၁၂ ရက်နေ့တွင် သဘော ထားထုတ်ပြန်လိုက်သည်။

လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့မတိုးနိုင်ခြင်း၏ အဓိကအကြောင်းအရင်းမှာ တပ်မတော်ဘက်မှလုပ်ဆောင်နေသည့် စစ်ဆင်ရေးများကြောင့်ဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

“ဒီလိုစစ်ဆင်ရေးတွေလုပ်နေရင် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်တဲ့အခါ တော်တော် အတားအဆီးဖြစ်စေတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ရှေ့ဆက်သွားမယ်ဆိုရင် အဓိကကျတဲ့ ယုံကြည်မှု တည်ဆောက်ရေးကိစ္စမှာ ဗမာစစ်တပ်ဘက်ကလုပ်နေတဲ့ စစ်ဆင်ရေးတွေကို ရပ်ဖို့လိုတယ်။ ဒီလိုမဟုတ်ဘဲ စစ်ဆင်ရေးတွေကို ဆက်ပြီးလုပ်နေမယ်ဆိုရင် ရှိနေတဲ့ယုံကြည်မှုတွေပါ ပျက်ပြားပြီးတော့ အနာဂတ် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို များစွာအတားအဆီးဖြစ်နိုင်တယ်” ဟု ခိုင်သုခက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၉ လနီးပါး ကြာမြင့်လာပြီ ဖြစ်သည်။

တပ်မတော်မှ ရခိုင်ပြည်နယ်တွင် စစ်အရှိန်မြှင့်တင်ထားပြီး AA ကို မသမာသည့် စစ်နည်းမျိုးစုံဖြင့် အပြင်းအထန် ချေမှုန်းတိုက်ခိုက်နေကြောင်းနှင့် တပ်မတော်မှကျူးလွန်မှုများကြောင့် အပြစ်မဲ့ရခိုင်ပြည်သူ ရာနှင့်ချီသေဆုံးကြရပြီး ပြည်သူလူထု ခြောက်သောင်းကျော်မှာ စစ်ဘေးဒုက္ခသည်အဖြစ် ရောက်ရှိခဲ့ရကြောင်း ညီနောင် မဟာမိတ်(၃)ဖွဲ့က ဆိုသည်။

ထို့ပြင် ကိုးကန့်နှင့် တအောင်းဒေသများတွင်လည်း စစ်ရေးလှုပ်ရှားမှုအမျိုးမျိုးပြုလုပ်ပြီး မဟာမိတ်တပ်ဖွဲ့ဝင်များအား စစ်ရေးကန့်သတ်ဖိနှိပ်မှုအမျိုးမျိုး ဆက်တိုက်ပြုလုပ်လာကာ မဟာမိတ်တပ်ဖွဲ့ဝင်များ အခြေချသည့်နေရာများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းနှင့် လေ့ကျင့်ရေးနေရာများကို ဦးတည်စစ်ရေးလှုပ်ရှားလာခြင်းများကြောင့် ယခု သြဂုတ်လ ပထမပတ်အတွင်းတွင် ထိတွေ့တိုက်ပွဲ(၁၀) ကြိမ်ကျော်ဖြစ်ပွားခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ထိုးစစ်ဆင်မှုများကို မရပ်ဆိုင်းဘဲ ဆက်လက်ပြုလုပ်မည်နေမည်ဆိုပါက ပေါ်ပေါက်လာမည့် နောက်ဆက်တွဲဆိုးကျိုးများမှာ မြန်မာစစ်တပ်၏ တာဝန်ပင်ဖြစ်လိမ့်မည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့မသွားနိုင်ဘဲ ရပ်တန့်နေတာဟာ ဗမာစစ်တပ်နဲ့ ဗမာအစိုးရဘက်က တစ်ဖက်သတ်ဆန်တဲ့အပြောအဆိုတွေ၊ အလုပ်အကိုင်တွေကြောင့်ဖြစ်တယ်။ ဥပမာ - ရက္ခိုင့်တပ်တော်ကို လိုင်ဇာကိုပဲ ပြန်သွားရမယ်ဆိုတာမျိုး၊ TNLA ကိုလည်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာပဲနေရမယ် ဆိုတာမျိုး၊ ပြီးတော့ ကိုးကန့်တွေကိုလည်း ဟုန်အိုင်ဒေသထဲကို ပြန်ရမယ်ဆိုတာမျိုး၊ ဒါတွေဟာ လုံးဝ တစ်ဖက်သတ်ဆန်တဲ့ အပြောအဆိုတွေဖြစ်တယ်” ဟု ခိုင်သုခက ပြောသည်။

လက်ရှိတွင် တပ်မတော်မှအဆိုပြုထားသည့် ပဏာမအပစ်ရပ်စဲရေးစာချုပ်မူကြမ်းကို ဆွေးနွေးရန် တရုတ်နိုင်ငံနှင့် FPNCC အဖွဲ့မှတစ်ဆင့် ကြိုးပမ်းလျက်ရှိသော်လည်း တွေ့ဆုံမည့်နေရာအခက်အခဲကြောင့် မတွေ့နိုင်ဘဲ ကြန့်ကြာနေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တပ်မတော်၏ သဘောထားအားမေးမြန်းရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...