မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်များကို ကူညီနေသည့် အဖွဲ့အစည်းတချို့ ဟန့်တားခံရ

မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်များကို ကူညီနေသည့် အဖွဲ့အစည်းတချို့ ဟန့်တားခံရ

မြောက်ဦးမြို့နယ်တွင်းရှိ စစ်ဘေးရှောင်စခန်းများကို ကူညီနေသည့် အဖွဲ့အစည်းတစ်ချို့ကို အာဏာပိုင်များက ဟန့်တားမှုများရှိနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အဖွဲ့အစည်းများကပြောသည်။

မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်စခန်း (၃၀) ကျော်ရှိပြီး မြို့နှင့်အလှမ်းဝေးကွာသော စစ်ဘေးရှောင်စခန်းများကို ကူညီရန် သွားရောက်ရာတွင် ဟန့်တားခံရမှုများရှိနေကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးထွန်းလှိုင်ကပြောသည်။

“အခုစစ်ဖြစ်နေတဲ့ကာလမှာတောင် သွားရလာရတာ တော်တော်ကသိကအောက်ဖြစ်တယ်။ တားမြစ်တာတွေ ခွင့်ပြုမိန့်တွေတောင်းရမယ်ဆိုတာတွေ၊ အဲလိုဖြစ်လာတယ်။ ဒီဒုက္ခသည်စောင့်ရှောက်ရေးမှာပါနေတဲ့ ရခိုင်အမျိုးသားပါတီက အတွင်းရေးမှူးကို ချိုင့်ချောင်းကိုမသွားပါဘဲနဲ့၊ ချိုင့်ချောင်းကိုသွားတယ်ဆိုပြီး ကျွန်တော်တို့ တိုင်ကြားခံခဲ့ရတာတွေရှိတယ်။ အခုတော့ ဒီတားမြစ်မှုတွေထွက်ထားပြီးနောက်မှာတော့ ကျွန်တော် တို့သွားရောက်ပြီးတော့ ပေးပို့တာတို့ကို နည်းနည်းရှောင်ရမလိုဖြစ်နေတယ်”ဟု ၎င်းကသည်။

မြောက်ဦးမြို့နယ်ရှိ တစ်ချို့စစ်ဘေးရှောင်စခန်းများမှာ ရေကြီးရေလျှံမှုများကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြရပြီး ဘေးဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်နေရချိန်တွင် သွားရောက်ကူညီနေသည့် အဖွဲ့အစည်းများကို ဟန့်တားမှုများ မပြုလုပ်ရန် ရခိုင်အမျိုးသားပါတီက တိုက်တွန်းသည်။

“စေတနာသန့်သန့်နဲ့ အနှောင့်ယှက်မဖြစ်အောင် ကိုယ်တို့ရဲ့လုပ်တဲ့လုပ်ရပ်ဟာ ဒုက္ခရောက်နေတဲ့သူကို ပိုပြီးတော့ ဒုက္ခရောက်အောင်မဖြစ်သွားအောင် စဉ်းစားဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးထွန်းလှိုင်ကဆိုသည်။

စစ်တွေမြို့ပေါ်မှာလည်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုပြုလုပ်နိုင်ရေး အလှူငွေကောက်ခံနေသည့် အဖွဲ့စည်းများကို ခွင့်ပြုချက်မရှိသဖြင့် ရဲတပ်ဖွဲ့မှ တားဆီးပြီး ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်လျက်ရှိကြသည်။

သို့သော် စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး လူမှုအဖွဲ့အစည်းများ၏ ထောက်ပံ့မှုများကို ကန့်သတ်ထားခြင်းမရှိဟု အစိုးရဘက်က ပြည်သူ့လွှတ်တော်၌ ပြောဆိုထားသည်။

“အဖွဲ့အစည်းတွေအနေနဲ့ လာရောက်ထောက်ပံ့မှုအပိုင်းကိုလည်း နိုင်ငံတော်အနေနဲ့ အစိုးရအနေနဲ့ ကန့်သတ်ထားခြင်းမရှိပါဘူး။ လာရောက်ထောက်ပံ့မှုတွေကိုလည်း လက်ခံဆောင်ရွက်ပေးလျှက်ရှိပါတယ်။ ဒီအခြေနေမှာ ဘာတစ်ခုကန့်သတ်မှုရှိနေလဲဆိုရင် လုံခြုံရေးအခြေအနေအရဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေအရ သွားရောက်နိုင်မှုမရှိတဲ့ နေရာတွေအတွက်ကို ကျွန်တော်တို့အနေနဲ့ ဒီအပိုင်းကို အဓိကထားပြီးတော့မှ ဆောင်ရွက်ပေးလျှက်ရှိပါတယ်။” ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးစိုးအောင်က ပြောဆိုထားသည်။  

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် တို့တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးရှောင် ၆၀၀၀၀ နီးပါးရှိလာပြီး စာနပ်ရိက္ခာအကူညီများ အဓိကလိုအပ်နေခြင်းဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...