“ရခိုင်ပြည်နယ်တွင်းမှာရှိနေတဲ့ ဆရာ ဆရာမ ၂၀ ကျော်ကို ဖိတ်ကြားထားပါတယ်။ ကျောင်းသား ကျောင်းသူဟောင်း ၃၀၀ ကျော်လောက်တော့ တက်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ပွဲ ဖြစ်မြောက်ရေးတွင် ဦးဆောင်ပါ၀င်သူ တစ်ဦးဖြစ်သူ ၈၃-၈၄ ကျောင်းသား ဟောင်း ကိုသိန်းအောင်က နိရဥ္စရာသို့ ပြောသည်။
အခမ်းအနားကို ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီတွင် အစီအစဉ် ၂ ရပ်ဖြင့် ကျင်းပသွားမည် ဖြစ်ပြီး ပထမ အစီအစဉ်မှာ ဆရာ ဆရာမများကို ကန်တော့ ပူဇော်ရန်နှင့် ဒုတိယ အစီအစဉ်မှာ မိတ်ဆုံစားပွဲ ပြုလုပ်ရန် ဖြစ်ကြောင်း သူက ပြောဆိုသည်။
“ ခုလို စစ်တွေ ကောလိပ် ကျောင်းသားကျောင်းသူဟောင်းတွေ ပထမဆုံး အကြိမ် ဆုံးတွေ့ဖို့ စီစဉ်ရတာက ရည်ရွယ်ချက်လေး တစ်ချို့ရှိပါတယ်။ အဓိတော့ စစ်တွေ ကောလိပ် ကျောင်းသားဟောင်းတွေ အနေနဲ့ လူမှုရေး အဖွဲ့အစည်း တစ်ခု ထူထောင်ပြီး နိမ့်ကျနေတဲ့ ရခိုင်ဒေသ ဖွံ့ဖြိုးရေး အတွက် တတတ်တအား ဘယ်လို ပါ၀င်နိုင်မလဲဆိုတာ ဆွေးနွေး အဖြေရှာဖို့နဲ့ မျိုးဆက်သစ် လူငယ်တွေကို ပညာသင် ထောက်ပံ့ရေး ချီးမြှင့်နိုင်အောင် ဘယ်လို ဆောင်ရွက်ရင်ကောင်းမလဲဆိုတာတွေကိုလည်း ဆွေးနွေးတိုင်ပင်ကြမှာ ဖြစ်ပါတယ်။ အခု တွေ့ဆုံပွဲမှာ ကျွန်တော်တို့ ဆွေးနွေးသွားကြဖို့ စီစဉ်ထားပါတယ်” ဟု ကိုသိန်းအောင်က ပြောဆိုသည်။
နယ်မှ ကျောင်းသား ကျောင်းသူဟောင်းများကိုလည်း ဖိတ်ကြားထားပြီး ယခင် ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးစံမော်သိန်းမှ ရွှေပြည်တန် အမြန်ယာဉ်မှ အခမဲ့ ပို့ဆောင်ရန် စီစဉ်ထားပြီး ပြည်နယ် အားကာမှူး ဦးအောင်စောမြမှလည်း လူပေါင်း ၁၅၀ ခန့် တည်းခိုနိုင်ရန် အားကစားရုံအား အဆင်သင့် ပြင်ဆင်ထားသည်ဟု သိရသည်။
ပထမအကြိမ် ကျင်းပမည့် စစ်တွေ ကောလိပ်ကျောင်းသား ကျောင်းသူများ၏ အခမ်းအနားကို “ စစ်တွေ ဒေသကောလိပ်၊ စစ်တွေ ကောလိပ်၊ စစ်တွေ ဒီဂရီ ကောလိပ် ကျောင်းသား ကျောင်းသူဟောင်းများ၏ အာစရိယ ပူဇော်ပွဲနှင့် မိတ်ဆုံစားပွဲ” ဟု ခေါင်းစဉ်တပ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။







