၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ထူးချွန်ဆုများ ချီးမြှင့် ပေးအပ်

၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ထူးချွန်ဆုများ ချီးမြှင့် ပေးအပ်
by -
နိရဥ္စရာ
၂၀၁၆ ခု ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော ၄၂ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့တွင် စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးဆိုင်ရာ ထူးချွန်ဆုများကို ရခိုင် ပြည်နယ် အစိုးရက ချီးမြှင့် ပေးအပ်ခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေ ဦးဥတ္တမခန်းမတွင် နံနက်ပိုင်းက ပြုလုပ်သော အခမ်းအနားတွင် ပေးအပ်ခဲ့ရာ စီးပွားရေး ထူးချွန်ဆုကို ၂၀၁၆ ခုနှစ်အတွင်း အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် အင်းပေါက်ဝ ကုမ္ပဏီမှ ဦးဘိုးသိန်းအား ပေးအပ်ခဲ့သည်။

လူမှုရေးဆိုင်ရာ ထူးချွန်ဆုများတွင် ရသေ့တောင်မြို့နယ် ရန်အောင်ပြင် အထက (ခွဲ) သို့ သွားသော စက်လှေနစ်မြုပ်ရာတွင် အသက်ကယ်ခဲ့သူများဖြစ်ကြသည့် ဦးမောင်အေး၊ မောင်စိုးအောင်ဝင်းနှင့် မောင်ရီဝေလင်းတို့အားလည်းကောင်း၊ မောင်တောဖြစ်စဉ်တွင် တာဝန်ကျေပွန်စွာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများဖြစ်ကြသည့် ရဲအုပ်အောင်ဆန်းထူး၊ အရာခံဗိုလ် ခင်မောင်အေးနှင့် ဒုတပ်ကြပ် လှိုင်သိန်းဇော် တို့အားပေးအပ်ခဲ့သည်။

ယင်းအပြင် လူမှုရေးထူးချွန်ဆုများအား အဖွဲ့အစည်းများကို ပေးအပ်ရာတွင် ရွှေဂရုနာ ဖောင်ဒေးရှင်း၊ ရခိုင်မျိုးစောင့်အဖွဲ့၊စိမ်းပြာ လူမှုရေးအသင်းနှင့် လေးဝတီ ကုလရက္ခိတ ပရဟိတအသင်းတို့ကို ပေးအပ်ခဲ့သည်။

njr2001

အနုပညာနှင့်ပတ်သက်၍ လူမှုရေးထူးချွန်ဆုများကို ပေးအပ်ရာတွင် ၂၂ ကြိမ်မြောက် ဆို က ရေး တီး ပြိုင်ပွဲတွင် သာလီစွရခိုင်ပြည် ယိမ်းအကဖြင့် နိုင်ငံတော်အဆင့် ရွှေတံဆိပ်ရရှိခဲ့သည့် ယိမ်းအကအဖွဲ့နှင့် အဆိုတွင် နိုင်ငံတော်အဆင့် ရွှေတံဆိပ်ရရှိသူများကိုလည်း ပေးအပ်ခဲ့သည်။

ပညာရေးဆိုင်ရာ ထူးချွန်ဆုတွင် ၆ ဘာသာဂုဏ်ထူးရှင်များဖြစ်ကြသည့် မအီမြို့မှ မောင်ဖြိုးဝေဦးနှင့် မောင်စိုးမြတ်လွင်တို့ကို ပေးအပ်ခဲ့သည်။

အားကစားဆိုင်ရာ ထူးချွန်သူများနှင့် ၄၂ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ရခိုင်ဝတ္ထုပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးနှင့် ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသူများကိုလည်း ဆုများပေးအပ်ခဲ့သည်။

 နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှ ၄၂ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့သို့ ပေးပို့သော သဝဏ်လွှာကို ရခိုင်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပုက ဖတ်ကြားခဲ့သည်။

ယင်းသဝဏ်လွှာတွင် “ရခိုင်ပြည်နယ်မှာ ဗုဒ္ဓသာသနာ နေလိုလလို ထွန်းတောက်ခဲ့ပြီး၊ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသား လူမျိုးများ အနေနဲ့လည်း မျိုးရိုးသီလကို အစဉ်အမြဲ စောင့်ထိန်းခဲ့ကြပါတယ်။ အဲ့ဒီလို အမျိုးသီလကို ထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်းကိုလည်း ရခိုင်တိုင်းရင်းသားတို့က ဂုဏ်ယူ တန်ဖိုးထားကြပါတယ်”ဟု ပါရှိသည်။

၄၂ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ ကျင်းပရေးကော်မတီ ဒုဥက္ကဋ္ဌ မြို့မိမြို့ဖအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်ကလည်း အမှာစကား ပြောကြားခဲ့သည်။

“ကျွန်တော်တို့ တစ်မြို့လုံးမှာ ကျောင်းထဲမှာလည်း အမှိုက်၊ ကျောင်းပြင်မှာလည်း အမှိုက်၊ အိမ်ထဲမှာလည်း အမှိုက်၊ အိမ်ပြင်မှာလည်း အမှိုက်၊ လမ်းမှာလည်း အမှိုက်၊ မြောင်းမှာလည်း အမှိုက်၊ ချောင်းမှာလည်း အမှိုက် ရှက်ဖို့ကောင်းပါတယ်”ဟု ဦးမောင်သာစိန်က စည်းကမ်းမရှိ အမှိုက်စွန့်ပစ်နေမှုများကို ထောက်ပြသွားခဲ့သည်။

ယနေ့ပြုလုပ်သော ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ ဆရာမများ၊ ဆုရရှိသူများနှင့် စိတ်ပါ၀င်စားသူ ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...