လူနေအိမ်အနီး Telenor တာဝါတိုင် ဆောက်နေခြင်းကို ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်

လူနေအိမ်အနီး Telenor တာဝါတိုင် ဆောက်နေခြင်းကို ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းပွဲလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့ ဂျီဖြူတောင်ကျေးရွာတွင် လူနေအိမ်အနီး တယ်လီနော Telenor တာဝါတိုင် ဆောက်လုပ်နေခြင်းကို ကျေးရွာသားများက စစ်တွေတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ကန့်ကွက်လိုက်သည်။

၎င်းသတင်းစာရှင်းလင်းပွဲကို စစ်တွေမြို့ရှိ အားသစ်လဘက်ရည်ဆိုင်တွင် ဒီဇင်ဘာလ ၉ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ပြီး တောင်ကုတ်ဒေသခံ ဒေါ်ဝင်းဝင်းရွှေက သတင်းစာရှင်းလင်းပွဲတွင် ယခုလို ပြောကြားသည်။

“တာဝါတိုင်တည်ဆောက်တာကို ကျွန်မတို့ ကန့်ကွက်တာမဟုတ်ပါဘူး၊ လူနေအိမ်နဲ့ နည်းနည်း ကွာဝေးတဲ့နေရာမှာ ဆောက်လုပ်ဖို့ တောင်းဆိုနေတာပါ။ အဲဒီလို တောင်းဆိုနေတဲ့ကြားက ဇွန်လ ၁၈ ရက်နေ့မှာ ဦးတင်ရွှေမောင် ခြံဝင်းအတွင်းမှာ ခြံပိုင်ရှင်နဲ့ သဘောတူညီချက် ရယူပြီးတော့ စတင် ဆောက်လုပ်ခဲ့ပါတယ်။ တာဝါတိုင်နဲ့ ကျွန်မတို့အိမ် အိမ်ခန်းမနဲ့ဆိုရင် ၂၂ ပေပဲ ကွာဝေးပါတယ်။ ၀န်ကြီးချုပ်ထံ တိုင်ကြားထားပေမယ့် ထူးခြားမှု တစ်စုံတရာ မရှိသေးတဲ့အတွက် အခုလိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာဖြစ်ပါတယ်” ဟု ဒေါ်ဝင်းဝင်းရွှေက သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောသည်။

တယ်လီနော တာဝါတိုင်ကို လူနေအိမ်များ အနီး တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး ရွာသား ရ ဦးက လက်မှတ်ရေးထိုးပြီး သြဂုတ်လ ၂၆ ရက်နေ့တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်ကြားထားသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မရှိဟု သိရသည်။

၀န်ကြီးချုပ်ထံသို့ မတိုင်ကြားမီ မအီနှင့် တောင်ကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တိုင်ကြားခဲ့ကြောင်း၊ တောင်ကုတ်မြို့နယ် အုပ်ချုပ်ဦးစီးဌာနမှ ဆောက်လုပ်မှုကို ဆိုင်ငံ့ထားရန် စာထုတ်ခဲ့သော်လည်း ဆက်လက် လုပ်ကိုင်ခဲ့သည်ဟု ဒေါ်ဝင်းဝင်းရွှေက ဆိုသည်။

လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဦးအောင်ကျော်စံသည် ဂျီဖြူရွာသို့ သြဂုတ် နောက်ဆုံးပတ်တွင် လာရောက်ခဲ့စဉ်ကလည်း ပတ်ဝန်းကျင်က သဘောမတူဘဲ တာဝါတိုင်ကို ဆောက်လုပ်၍မရကြောင်း၊ မဆောက်လုပ်ရန် ဟန့်တားထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

၄င်းတာဝန်တိုင်ကို Irrawaddy Green Tower Ltd ကုမ္ပဏီမှ တစ်ဆင့် အောင်မြင့်ကြိုင် ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်နေခြင်းဖြစ်ပြီး တာဝါတိုင် မဆောက်လုပ်မီ ခြံပိုင်ရှင်မှအပ အခြားရွာသားများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို တစ်စုံတစ်ရာ အသိပေးခြင်း မရှိဘဲ ဆောက်လုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“တာဝါတိုင် မဆောက်ခင်မှာ ရွာသားတွေနဲ့ ဆွေးနွေးခဲ့တာ မရှိခဲ့ပါဘူး။ ရွာသားတစ်ချို့က ပြောင်းရွှေ့ဆောက်လုပ်ဖို့ တောင်းဆိုပြီးမှ ရွာသားတွေကို ချပြတာပါ။ တာဝါတိုင်နဲ့ နီးတဲ့ ရွာသားတွေက အန္တရာယ်ပိုင်းကို စိုးရိမ်တဲ့အတွက် ပြောင်းရွှေ့ဆောက်လုပ်ဖို့ တောင်းဆိုကြတာပါ။ ကုမ္ပဏီအနေနဲ့ ပြောင်းရွှေ့ဆောက်လုပ်ပေးမယ်လို့ ပြောဆိုလာတဲ့အတွက် ကျွန်တော့်ဆီကလည်း ထောက်ခံချက်ပေးလိုက်ပါတယ်။ ဒါပေမယ့် အခုထက်ထိ ပြောင်းရွှေ့ဆောက်လုပ်မှု မပြုလုပ်ဘဲ နဂိုနေရာမှာပဲ ဆောက်လုပ်နေတာကို တွေ့ရှိရပါတယ်”ဟု ဂျီဖြူတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

Irrawaddy Green Tower Ltd ကုမ္ပဏီမှ ရခိုင်ပြည်နယ် တာဝန်ခံ အင်ဂျင်နီယာ ဦးစိန်အောင်ဝင်းကို နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ သူက “ကျွန်တော်တို့က ဒီတာဝါတိုင်ကို ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ဆောက်လုပ်တာပါ။ ရွာသားတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ရှင်းပြခဲ့ပြီးပါပြီ။ ကျွန်တော်တို့လည်း လုပ်ငန်းကို ၃ လကျော် ရပ်နားထားခဲ့ပြီးမှ အခု အခြေခံအုတ်မြစ်ကို ပြန်လုပ်တာပါ။ ပြည်ထောင်စု ၀န်ကြီးကလည်း ရွာသားတွေနဲ့ ပြန်လည်ညှိနှိုင်းလုပ်ဆောင်ရွက်ဖို့ မှာကြားပါတယ်။ အခုလည်း ရခိုင်ပြည်နယ်ရုံးကနေ ခွင့်ပြုစာယူဖို့ စောင့်နေပါတယ်”ဟု ပြောသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့က Irrawaddy Green Tower Ltd ကုမ္ပဏီ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အင်ဂျင်နီယာတာဝန်ခံ ဦးစိန်အောင်ဝင်းသည် မအီမြို့နယ် အုပ်ချုပ်ရေးမှူးကို လာတွေ့ပြီးနောက် ဂျီဖြူရွာသို့ ရောက်ရှိလာကာ ဆောက်လုပ်သည့်နေရာမှ ပြောင်းရွှေ့ ဆောက်ပေးနိုင်မည် မဟုတ်ကြောင်း၊ ၀န်ကြီး၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေကြောင်း ပြောဆိုလာ၍ ၀န်ကြီးခွင့်ပြုလက်မှတ်ကို တောင်းဆိုသော်လည်း မပြကြောင်းဆိုသည်။

တာဝါတိုင်ဆောက်လုပ်ခြင်းကြောင့် တာဝါတိုင်မှ စက်သံဆူညံမှုကြောင့် ကျောင်းသားများနှင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေနိုင်သည်အတွက် ပြောင်းရွှေ့ဆောက်လုပ်ရန် တောင်းဆိုရခြင်းဖြစ်ပြီး၊ ၀န်ကြီးချုပ်ထံ စာဖြင့်တိုင်ကြားထားသော်လည်း ထူးခြားမှု တစ်စုံတရာ မရှိ၍ ယခုကဲ့သို့ သတင်းစာရှင်းလင်းရခြင်းဖြစ်သည်ဟု ဒေါ်ဝင်းဝင်းရွှေက သတင်းထောက်များကို ပြောကြားခဲ့သည်။

တာဝါတိုင် ဆောက်လုပ်ရာတွင် အခြေခံအုတ်မြစ် ပြီးစီးသွားပြီဖြစ်ပြီး တပ်ဆင်ရန် အဆင့်အသင့် အနေအထားတွင် ရောက်ရှိနေပြီဟု သိရသည်။

ဂျီဖြူကျေးရွာသည် မအီမြို့၏ အနောက်ဘက် ရ မိုင်အကွာ ရန်ကုန်-ကျောက်ဖြူ ကားလမ်းပေါ်တွင် တည်ရှိသည်ဟု သိရှိရသည်။

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...