ကြိုးတံတားဖွင့်ပွဲကို အခမ်းအနားဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ၊ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်၊ ရခိုင်ပြည်နယ် ကျေးလက်ဦးစီးဌာန ဦးစီးမှူး ဦးထွန်းဝေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။
ယင်းကြိုးတံတားသည် အရှည် ၁၀၁ မီတာ (ပေ ၃၃၀) ရှိပြီး၊ အကျယ် ၆ ပေရှိကာ လူနှင့် နှစ်ဘီးဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင် သည်ဟု ဆိုသည်။

“ ဒီတံတားဟာ အနီးအနားမှာရှိတဲ့ ရွာ၂၁ ရွာအတွက် အကျိုးရှိနိုင်မှာဖြစ်ပြီးတော့ အဓိက ရန်အောင်ပြင်ကျေးရွာ အထကမှာ ကျောင်းလာတက်တဲ့ အနီးအနားကျေးရွာတွေက ကျောင်းသူကျောင်းသားတွေ သွားလာရေးနဲ့ ကျန်းမာရေးကဏ္ဍအတွက် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်”ဟု ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။
ဒေသခံ အမျိုးသမီး တစ်ဦးကလည်း ယခုလို ကြိုးတံတား တစ်စင်းကို ရန်အောင်ပြင်ချောင်းကို ဖြတ်သန်း တည်ဆောက်နိုင်ခဲ့သဖြင့် သွားလာရေး လွယ်ကူစေ၍ အထူးဝမ်းသာကြောင်း၊ ယခင်က လှေဖြင့် ချောင်းကို ဖြတ်ကူးရ၍ လူတိုင်းကြောင့်ကြစိုးရိမ်မှုများ ရှိနေခဲ့ကြောင်း၊ ယခု အားလုံးစိတ်ချမ်းသာနိုင်ပြီး ဖြစ်ကြောင်း ပြောကြားသည်။
ယင်းဖွင့်ပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ နှင့် လွှတ်တော်အမတ် ရ ဦး၊ ရခိုင်ပြည်နယ် ကျေးလက်ဦးစီးဌာန ဦးစီးမှူး ဦးထွန်းဝေ၊မြို့နယ် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ကျေးရွာသူ ကျေးရွာသား စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။







