“ ပုဏ္ဏားကျွန်းမြို့နယ် တန်ခိုးကျေးရွာမှာ စာပေဆုပေးပွဲအခမ်းအနားကို ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ မတ်လ ၁၈ ရက်နေ့ကို သတ်မှတ်ထားပါတယ်” ဟု တန်းခိုးဆရာထွန်း ဆုပေးပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ စစ်တွေ သိန်းနောင်က ပြောကြားသည်။
ဆုပေးပွဲ ကျင်းပနိုင်ရေးအတွက် စာပေဆုပေးပွဲ ကျင်းပရေးကော်မတီက ဆွေးနွေးပွဲတစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ၀ံလက်ဖောင်ဒေးရှင်းရုံးတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ပြီး ကျင်းပမည့် အစီအစဉ်ကို ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
တန်ခိုးဆရာထွန်း စာပေဆုချီးမြှင့်ရာတွင် ကဗျာဆု၊ ၀တ္ထုဆု၊ ဆောင်းပါးဆု၊ ရခိုင်ဂီတစာဆိုဆုနှင့် တစ်သက်တာစာပေဆုများပါ၀င်သည်။ တစ်သက်တာစာပေဆုများကို ရခိုင်စာပေသမိုင်း သုတေသီ အရှင်စကိန္ဒနှင့် ရခိုင်အဘိဓာန်ကျမ်းပြုစုသူ အရှင်ဝါသဝတို့ကို ချီးမြှင့်ခဲ့ပြီဟု သိရသည်။
ပဥ္စမအကြိမ်အတွက် စာမူခေါင်းစဉ်များမှာ ကဗျာအတွက် “ ခေတ်ကြေးမုံပြင် မော်ကွန်းတင် ဂဏ္ဍဝင် ရခိုင်စာဆိုများ” ၊ ၀တ္ထုအတွက် ခေါင်းစဉ်မှာ “လှိုင်းကြီးရေဆန် မုန်တိုင်းထန်” နှင့် ဆောင်းပါးမှာ “ယနေ့လူငယ်နှင့် အနာဂတ်ရခိုင်ပြည်နယ်” တို့ဖြစ်သည်။
ကဗျာအတွက် ကာရံလွတ်မဖြစ်ရန်နှင့် ပါဒ ၁၀၀၀ ပါရမည်ဖြစ်ပြီး၊ ၀တ္ထုနှင့် ဆောင်းပါးအတွက် ၂၅ မျက်နှာရှိမည်ဖြစ်ကာ မြန်မာ ရခိုင် ၂ ဘာသာဖြင့် ရေးသား ပေးပို့နိုင်သည်ဟု သိရသည်။
ပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာမူများကို ဖေဖေါ်ဝါရီလကုန်ကို နောက်ဆုံး ထား ပေးပို့ရမည် ဖြစ်ကြောင်း သိရှိရသည်။
“ဒီနှစ်မှာ ရခိုင်အမျိုးသားစာပေဆုအတွက် ပြင်ဆင်နေတဲ့အတွက် တန်းခိုးဆရာထွန်း စာပေ ဆုပေးပွဲကို မကျင်းပတော့ဘူးလို့ ဆုံးဖြတ်ထားတာ။ ဒါပေမယ့် ဆုအတွက် ၀ံလက်ဖောင်ဒေးရှင်းက လှူဒါန်းမယ်ဖြစ်ပြီးတော့ တန်းခိုး ရွာသားတွေကလည်း လိုလိုလားလားရှိတဲ့အတွက် ပဥ္စမအကြိမ်မြောက် ဆုပေးပွဲကို ဆက်လက်ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု တန်းခိုးဆရာထွန်း ဆုပေးပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ စစ်တွေ သိန်းနောင်က ပြောကြားသည်။
တန်းခိုးဆရာထွန်း စာပေဆုသည် ရခိုင်စာပေလောကတွင် အမြင့်ဆုံး စာပေဆုဖြစ်သည်။ ၎င်းပြင် ရခိုင်စာပေအသိုင်းအဝိုင်းမှ ရခိုင်အမျိုးသားစာပေဆုကိုလည်း ချီးမြှင့်ရန် ကြိုးပမ်းနေကြပြီး ၎င်းဆု ဖြစ်ပေါ်လာသည့်တိုင်အောင် တန်ခိုးဆရာထွန်း စာပေဆုကို ဆက်လက်ချီးမြှင့်သွားမည်ဟု ကော်မတီက ဆုံးဖြတ်ခဲ့ကြသည်။
တန်ခိုးဆရာထွန်းဆုကို ယခင်က ၄ ကြိမ်ကျင်းပခဲ့ပြီးဖြစ်ရာ ပထမအကြိမ် နှင့် စတုတ္ထအကြိမ်ကို ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးရွာ၌လည်းကောင်း၊ ဒုတိယနှင့် တတိယ အကြိမ်ကို ပုဏ္ဏားကျွန်း မြို့၌လည်း ကောင်း ကျင်းပခဲ့ပြီး ယခု ပဥ္စမအကြိမ်ကို တန်းခိုးရွာ၌ ကျင်းပသွားမည်ဖြစ်သည်။
တန်းခိုးဆရာထွန်းသည် အင်္ဂလိပ် အစိုးရ ရခိုင်ပြည်ကို အုပ်ချုပ်သော ခေတ်တွင် ပေါ်ထွန်းခဲ့သော ထင်ပေါ်ကျော်စောသည့် ဂန္တဝင်မြောက် စာရေးဆရာတစ်ဦးဖြစ်ပြီး စာအုပ်ပေါင်း ၆၀ ကျော်ကို ထုတ်ဝေနိုင်ခဲ့သည်ဟု လေ့လာသိရှိရသည်။
တန်းခိုးဆရာထွန်း စာပေဆု ကျင်းပရေးကော်မတီအနေဖြင့် သူ၏ ထုတ်ဝေခဲ့သော စာအုပ်များကို စုဆောင်းပြီး ပြန်လည်ထုတ်ဝေသွား မည်ဟု သိရှိရသည်။







