၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ် ဘတ်ဂျက်မှာ ကျပ် ၁၄၅ဘီလီယံ ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ တွင် ၃ ဘီလီယံလျော့ကာ ၁၄၂ ဘီလီယံသာ ရှိကြောင်း မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။
“ ဒီနှစ်ဘတ်ဂျက်ရဲ့ ထူးခြားချက်က အရင်နှစ်တွေက ဘတ်ဂျက်ကို ရခိုင်ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ပြီး ပြည်ထောင်စု အစိုးရကို တင်တောင်းရတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာတော့ ပြည်နယ်က တင်တောင်းစရာမလိုဘဲ ပြည်ထောင်စု အစိုးရက တိုက်ရိုက် ခွဲတန်း ချပေးတယ်။ သူတို့ချပေးတာက ကျပ် ၁၄၂ ဘီလီယံ ဖြစ်တယ်။ ဒါကို ရခိုင်ပြည်နယ်က ဌာနဆိုင်ရာ ၂၄ ခုအတွက် ခွဲဝေ သုံးစွဲဖို့ အတွက် ဘယ်လို ခွဲဝေမယ်ဆိုတာ အခု ဆွေးနွေးနေကြတာ ဖြစ်ပါတယ်” ဟု ဦးအောင်ဝင်းက ပြောသည်။

သို့သော် ယခု ခွဲဝေနေသော ရခိုင်ပြည်နယ် ဘတ်ဂျက်တွင် ပြည်ထောင်စု အစိုးရက တိုက်ရိုက်ကိုင်တွယ်သော ပညာရေးနှင့် ကျန်းမာရေး ဘတ်ဂျက် မပါ၀င်ဟု သိရသည်။
လက်ရှိ အစိုးရမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိက ဦးစားပေးဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောဆိုထားသဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွက် ချပေးသော ဘတ်ဂျက်ငွေ ၁၄၂ ဘီလီယံဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ပါမလားဟု နိရဥ္စရာက ဆက်လက်မေးမြန်းရာ ဦးအောင်ဝင်းက ယခု လောက် ဘတ်ဂျက်ငွေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို လုံးဝ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း ပြောဆိုသည်။
“ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ ရခိုင်ပြည်နယ်က အဆင်းရဲဆုံး။ အမွဲဆုံး ပြည်နယ် ဖြစ်နေတာကြီးကို ဒီအခု ၁၄၂ ဘီလီယံ အဆင့်လောက်နဲ့ သွားမယ်ဆိုရင် ဘယ်တော့မှ မတိုးတက်နိုင်ဘူး။ အနိမ့်ဆုံး အခြေအနေရောက်တာကို ဒီအတိုင်း သွားနေရင် ဘယ်လိုမှ မတိုးတက်နိုင်ပါဘူး” ဟု သူက ပြောသည်။
တိုင်းနှင့် ပြည်နယ်များကို ဘတ်ဂျက်ခွဲဝေရာတွင် အခြေခံ အကြောင်းတရားများကို ပြန်လည် စဉ်းစားရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုမှ ဘတ်ဂျက်ခွဲဝေရာတွင် လူဦးရေ အချိုးအစား၊ မြေ ဧရိယာ အကျယ်အဝန်း၊ အခွန်ကောက်ခံရရှိမှု တစ်ဦးချင်း အခွန် အပေါ် မူတည်မှု၊ ဆင်းရဲမွဲတည်မှု ညွှန်းကိန်းများ အပေါ်တွင် အခြေခံ နေကြောင်း၊ ရခိုင်ပြည်နယ်၏ ဆင်းရဲမွဲတည်မှု အပိုင်းကို ပြန်သုံးသပ်ရာတွင် ပြည်ထောင်စု အစိုးရ အနေဖြင့် အများကြီး စဉ်စားရန် လိုအပ်ကြောင်း၊ ဘတ်ဂျက် ခွဲဝေရာတွင် အချက် ၆ ချက်လောက်အပေါ်တွင် စဉ်းစားကြောင်း၊ ပြည်နယ် မှ ရရှိသော အခွန်အပေါ် ထည့်သွင်းစဉ်းစားလျှင် တိုင်းနှင့်ပြည်နယ်များမှ ထုတ်လုပ်ရောင်းချသော သဘာဝ သယံဇာတနှင့် ပတ်သက်ပြီးလည်း စဉ်းစားရန်လိုကြောင်း၊ ရခိုင်ပြည်နယ်က ထွက်သော သဘာဝဓါတ်ငွေ့မှ ရောင်းရငွေကိုလည်း ရခိုင်ပြည်နယ်၏ ဘဏ္ဍာဝင်ငွေခွန်တွင် ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း သူက ပြောကြားသည်။
ရခိုင်ပြည်နယ်၏ ၂၀၁၇-၂၀၁၈ ဘတ်ဂျက်ငွေမှာ ၃ ဘီလီယံ လျော့နည်းသွားခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၏ ဘတ်ဂျက်ငွေမှာ ကျပ် ၉၀ ဘီလီယံ တိုးမြှင့်လာကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်မှာ ကျပ် ၄၄၂ ဘီလီယံရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ တွင် ဘဏ္ဍာနှစ်တွင် ၉၀ ဘီလီယံထပ်တိုးလာသဖြင့် စုစုပေါင်း ၅၃၂ ဘီလီယံထိ တိုးမြှင့်ရန် ရာတားလာခဲ့ကြောင်း မန္တလေး FM မှ ယနေ့နံနက် သတင်းထုတ်ပြန်သွားသည်။







