ဌာနဆိုင်ရာတွေရဲ့အဂတိလိုက်စားမှုတွေကို အမြန်ဆုံးပြင်ဆင်ဖို့ မွန်ဝန်ကြီးချုပ်သတိပေး

ဌာနဆိုင်ရာတွေရဲ့အဂတိလိုက်စားမှုတွေကို အမြန်ဆုံးပြင်ဆင်ဖို့ မွန်ဝန်ကြီးချုပ်သတိပေး

မွန်ပြည်နယ်ရှိ အချို့ဌာနဆိုင်ရာများမှာ ပြည်သူများအပေါ် အဂတိလိုက်စားမှုများ ရှိနေသည့်အတွက် အမြန်ဆုံး ပြင်ဆင်ကြရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ သတိပေး ပြောဆိုခဲ့သည်။

ဇွန်လ (၂၄)ရက်နေ့ မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ကျင်းပခဲ့သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၏ အဖွင့်အမှာစကားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အချို့ဌာနဆိုင်ရာများသည် ပြည်သူများအား ဝန်ဆောင်မှုများ ၊ ခွင့်ပြုမိန့်များ ပေးရာတွင် ရုံးလုပ်ထုံးလုပ်နည်းများကို အကြောင်းပြ၍ အချိန်ကြန့်ကြာအောင်ဆောင်ရွက်နေပြီး ငွေကြေးပေးနိုင်သူများကိုတော့ နေ့ချင်းညချင်းဆောင်ရွက်ပေးခြင်း နှင့် ငွေကြေးအမြောက်အများပေးမှ လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းများ ရှိနေကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“ ယနေ့အချိန်ထိ ဌာနဆိုင်ရာတွေမှာ အဂတိလိုက်စားမှုတွေကို ပယ်ဖျက်နိုင်ခြင်းမရှိဘဲ မျက်စိမှိတ်ပြီး ဆောင်ရွက်နေကြဆဲပါ။ ဒီလိုဆောင်ရွက်နေသူများကို အမြန်ဆုံးသတိနဲ့ ပြင်ဆင်သွားကြဖို့ ပြောချင်ပါတယ်။ မပြင်ဆင်နိုင်ပါက ပြည်သူတွေရဲ့ဒဏ်ခတ်မှုကို ခံကြရမှာဖြစ်ပါတယ် “ ဟု ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောဆိုခဲ့သည်။

ဌာနဆိုင်ရာများ၏ အဂတိလိုက်စားမှုတွေကို အစိုးရအဖွဲ့အနေနှင့် အနီးကပ်ကြီးကြပ်၍ ထိန်းကျောင်းမှုတွေ ပြုလုပ်ရမည့်အပြင် အရေးယူမှုတွေပါ ဆောင်ရွက်သွားရန်လိုအပ်သည်ဟု မော်လမြိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ပြောသည်။

“ ပြည်သူတွေကလည်း လာဘ်ပေးလာဘ်ယူကိစ္စတွေမှာ အရင်ကဖြစ်လာတဲ့ထုံးစံတွေလို မလုပ်ဘဲ နိုင်ငံတော်ရဲ့တာဝန်ရှိတဲ့အဖွဲ့တွေကို တိတိကျကျတိုင်ကြားမယ်ဆိုရင် အဂတိမှုတွေပျောက်သွားမှာပါ “ ဟု ၎င်းက ပြောသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ဌာန နှင့် နိုင်ငံသားစိစစ်ရေးလက်မှတ်များ ပြုလုပ်ပေးသည့်ဌာနများတွင် ဝန်ထမ်းများမှ အချိန်ကြန့်ကြာအောင်ဆောင်ရွက်နေပြီး ငွေကြေးပေးအပ်သူများကိုတော့ အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေသည်များ ရှိကြောင်း မော်လမြိုင်မြို့တွင်နေထိုင်သူ ဒေါ်လှဝင်းက ပြောသည်။

“ ဒီရုံးတွေမှာက ပွဲစားတွေရှိတယ် အန်တီတို့ ကိုယ်တိုင်လုပ်တာထက် ပွဲစားတွေနဲ့လုပ်ရင် ပိုမြန်တယ် ပွဲစားတွေကို သူတို့ဦးစားပေးတယ် အန်တီတို့ကျတော့ ကြာတယ် စောင့်ရတယ် အချိုု့သူတွေဆို နေ့ချင်းတောင် ရကြတယ် “ ဟု ၎င်းကပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

လက်ရှိတွင် ရေးမြို့နယ် အောင်သပြေ-နှစ်ကရင်ကျေးရွာချင်းဆက်လမ်း ကျပ်သန်း(၁၀၀၀)လုပ်ငန်းအား တင်ဒါမခေါ်သည့်ကိစ္စနှင့် ကျိုက်ထီးရိုးတောင် အမှိုက်ဖျက်ဆီးစက်ကိစ္စတို့တွင် တင်ဒါလုပ်ထုံးလုပ်နည်းနှင့်မညီသည့်အတွက် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးအား စုံစမ်းစစ်ဆေးပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ဇွန်လ(၁၈)ရက်နေ့က မွန်ဒေသခံ (၉)ဦးက တိုင်ကြားခဲ့မှုဖြစ်ပွားခဲ့သည်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...