ကမ္ဘာ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စစ်တွေတွင် ပြုလုပ်

ကမ္ဘာ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စစ်တွေတွင် ပြုလုပ်
by -
နိရဥ္စရာ
ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား တစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်က ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ တက်ရောက်၍ အဖွင့်မိန့်ခွန်းစကား ပြောကြားခဲ့သည်။

“AIDS လို့ခေါ်တဲ့ ကမ္ဘာ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါရဲ့ လူသားမျိုးနွယ် တစ်ခုလုံးအတွက် အလွန်အန္တရာယ်ကြီးမားတဲ့ ကြောက်မက် ဖွယ် ဆိုးကျိုးတွေကို ကမ္ဘာ့ပြည်သူတွေ နားလည်သိရှိသဘောပေါက်ပြီး ရောဂါ ကာကွယ်ရေး လုပ်ငန်းတွေမှာ အတူပူးပေါင်း ပါ၀င် နိုင်ကြစေဖို့ ရည်ရွယ်ပြီးတော့ ဒီနေ့အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု ဒေါက်တာချမ်းသာက ပြောသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူသားအားလုံးအတွက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါသည် ကမ္ဘာ့အရေးပေါ်ပြဿနာတစ်ရပ်အဖြစ် တည်ရှိနေပြီဖြစ်ကြောင်းနှင့် ၁၉၉၇ ခုနှစ်မှစ၍ ဒီဇင်ဘာလ ၁ ရက်နေ့ကို ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်ဟု သိရသည်။

njr0701

ကမ္ဘာပေါ်တွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြားအရွယ် သေဆုံးကြသူများထဲတွင် AIDS ရောဂါကြောင့် သေဆုံးရသူသည် အများဆုံးဖြစ်နေပြီး၊ မြန်မာနိုင်ငံ ခုခံအားကျဆင်းမှု ရောဂါကူးစက်နေသူ ၂၂၅၀၀၀ ကျော်ရှိသည်ဟု သိရသည်။

မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူများ၊ ပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများတွင် HIV ရောဂါ ကူးစက်မှု အမြင့်မားဆုံးဖြစ်သည်။

အခမ်းအနားတွင် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အတွက် ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသူကျောင်းသားများအား ဆုချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ စစ်တွေဆေးရုံအုပ်၊ သူနာပြုဆရာမများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ INGO မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမများနှင့် စိတ်ပါ၀င်စားသူ ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး ဆောင်ပုဒ်မှာ “အားလုံး လက်တွဲကာကွယ် အိပ်ချ်အိုင်ဗွီ ကူးစက်အန္တရာယ်၊ Hands Up For HIV Prevention”ဖြစ်သည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...