ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ANP စစ်တွေမြို့နယ်ဌာနခွဲက ဦးဆောင်၍ ဆန္ဒပြမည်

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ANP စစ်တွေမြို့နယ်ဌာနခွဲက ဦးဆောင်၍ ဆန္ဒပြမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ရောက်ရှိလာမည့် ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ် ဌာနခွဲက ဦးဆောင်၍ ဆန္ဒပြရန် စီစဉ်နေသည်ဟု သိရသည်။

“ဒီဆန္ဒပြပွဲကို ရခိုင်အမျိုးသားပါတီ စစ်တွေဌာနခွဲက ဦးဆောင်ပြီးတော့ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ ရခိုင်မိဘပြည်သူ ညီအကိုမောင်နှမအားလုံး ပါ၀င်ကြဖို့ ဆော်သြထားပါတယ်။ ပူးပေါင်း ပါ၀င်ဖို့ ဆိုတာကတော့ မိမိရဲ့ အသိစိတ်ဓါတ်နဲ့ ပါ၀င်မယ့်သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ဒီကိစ္စက ရခိုင်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့အတွက် တစ်မျိုးသားလုံးပါ၀င်လာမယ်လို့လည်း ယုံကြည်ပါတယ်။ အခုလည်း လိုက်ပြီးတော့ ဆော်သြနေပါတယ်”ဟု ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ် ဌာနခွဲ အတွင်းရေးမှူး ဦးအောင်သန်းဝေက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ကိုဖီအာနန် ကော်မရှင်ကို နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနရုံးက ဖွဲ့စည်းခဲ့စဉ်ကတည်းက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ၀င်ရောက်စွက်ဖက်သည့်အတွက် ကန့်ကွက်ခဲ့ကြကြောင်း၊ နိုင်ငံခြားသားများ ပါ၀င်နေသော အဖွဲ့အစည်းကို လက်မခံနိုင်ကြောင်း၊ ၂၀၁၂ ပဋိပက္ခနောက်ပိုင်း ရခိုင်ပြည်နယ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်၏ အစီရင်ခံစာများကို လက်ရှိအစိုးရက အကောင်အထည်ဖေါ် ဆောင်ရွက်သင့်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ဖွဲ့စည်းရန်လိုအပ်ပါက လက်ရှိအစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား အတတ်ပညာရှင်၊ အသိပညာရှင်များဖြင့်သာ ဖွဲ့စည်းသင့်သည်ဟု ဦးအောင်သန်းဝေက သူ၏သဘောထားကို ပြောသည်။

ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်အကြံပေးကော်မရှင်သည် စက်တင်ဘာလက ရခိုင်ပြည်နယ်သို့ ၂ ရက်တာ လာရောက်ခဲ့ပြီး ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ရိုဟင်ဂျာဝေါဟာရကို အသုံးပြုခဲ့၍ ရခိုင်အမျိုးသားများအတွက် အကျိုးမရှိနိုင်ကြောင်း သူက ဆက်ပြောသည်။

“ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်ကို စက်တင်ဘာလက ၂ ရက်တာ လာလည်ပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မြန်မာနိုင်ငံမှာ မရှိတဲ့ ရိုဟင်ဂျာဝေါဟာရကို အသုံးပြုခဲ့တယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ဘင်္ဂလီတွေကို သီးခြားဖယ်ထုတ်ခံရတဲ့ လူမျိုးလို့ ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ဘက်လိုက်တဲ့ လုပ်ရပ်တွေဖြစ်တဲ့အတွက် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ဟာ ရခိုင်အမျိုးသားတွေအတွက် အကျိုးရှိနိုင်မှာ မဟုတ်ပါဘူး”ဟု ဦးအောင်သန်းဝေက ပြောသည်။

ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို ရခိုင်အမျိုးသားပါတီနှင့် ရခိုင်လူထု တစ်ရပ်လုံးက ဆန့်ကျင်သည့်အပြင် ရခိုင်ပြည်နယ်လွှတ်တော်ကလည်း ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဖြစ်တည်မှုနှင့် လုပ်ဆောင်ချက်များကို အသိအမှတ်မပြုသင့်ကြောင်း ကန့်ကွက်သူမရှိ ဆုံးဖြတ်ထားပြီးဖြစ်သည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...