တွက်ခြေကိုက် စပါးစျေးနှုန်းရရှိရေး ရခိုင်ပြည်နယ်အစိုးရကို လယ်သမား ၆၀၀ ခန့်က စာရေး မေတ္တာရပ်ခံ

တွက်ခြေကိုက် စပါးစျေးနှုန်းရရှိရေး ရခိုင်ပြည်နယ်အစိုးရကို လယ်သမား ၆၀၀ ခန့်က စာရေး မေတ္တာရပ်ခံ
by -
နိရဥ္စရာ
ရခိုင်က အပြွတ်ပြွတ် အခိုင်ခိုင်သီးနေသော စပါးခင်းများကို တွေ့ရစဉ်/ Photo-Tat Lan
ရခိုင်က အပြွတ်ပြွတ် အခိုင်ခိုင်သီးနေသော စပါးခင်းများကို တွေ့ရစဉ်/ Photo-Tat Lan
ရခိုင်ပြည်နယ်တွင် စပါးစျေး ကျဆင်းနေပြီး လယ်သမားများ အရှုံးပေါ်နေသဖြင့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်မှ လယ်သမား ၆၀၀ ခန့်သည် တွက်ခြေကိုက် စပါးစျေးနှုန်း ရရှိရေး အတွက် ရခိုင်ပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ စာရေးပြီး မေတ္တာ ရပ်ခံ လိုက်ကြောင်း သိရသည်။

“ အခု ကျွန်တော်တို့ စစ်တွေကို ရောက်နေပါတယ်။ ရောက်နေရတဲ့ အကြောင်းအရင်းက စပါးစျေးတွေကျနေတဲ့ အတွက် တောင်သူတွေ အရှုံးပေါ်နေတာကြောင့် ပြည်နယ် ၀န်ကြီးချုပ် ဆီကို စာတင်ဖို့ ရောက်နေပါတယ်” ဟု ကျောက်တော်မြို့နယ်မှ လယ်သမားကြီး တစ်ဦးဖြစ်သူ ဦးမောင်ထွီးက နိရဥ္စရာသို့ ပြောသည်။

ယခုနှစ် မိုးစပါး တစ်ဧက စိုက်ပျိုးစရိတ် ကုန်ကျငွေမှာ နှစ်သိန်း ခုနှစ်သောင်းရှိပြီး တစ်ဧကမှာ စပါးတင်း ရ၀ ထွက်ရှိကြောင်း၊ တင်း ရ၀ကို ရောင်းလျှင် လက်ရှိ နှစ်သိန်း လေးသောင်းကျော်သာ ရကြောင်း သို့အတွက် တစ်ဧကလျှင် ကျပ် နှစ်သောင်းခွဲခန့် ရှုံးနေကြောင်း၊ လက်ရှိ စပါးပေါက်စျေးမှာ တင်း ၁၀၀ ကို ကျပ် သုံးသိန်းခွဲခန့်ရှိကြောင်း သူက ပြောကြားသည်။

“ ဒီအတိုင်းဆိုရင် ရခိုင်လယ်သမားတွေ အကုန်လုံး အခက်အခဲဖြစ်ပြီး ပိုုပြီး ဆင်းရဲသွားကြပါလိမ့်မယ်။ ထုတ်လုပ်မှု စရိတ်ကများနေတယ်။ စပါးစျေးက ကျနေတယ်။ ဒီတော့ ကျွန်တော်တို့က စပါးတင်း ၁၀၀ ကို ငါးသိန်း သုံးသောင်းလောက်ရမှ တွက်ခြေကိုက်မယ်။ ဒါကြောင့် တွက်ခြေကိုက်တဲ့ စပါးစျေးနှုန်း ရရှိရေး စီစဉ်ဆောင်ရွက်ပေးရန် ဆိုပြီး မနေ့က စာတင်ထားပါတယ်” ဟု ဦးမောင်ထွီးက ဆက်လက် ပြောဆိုသည်။

၎င်းမေတ္တာရပ်ခံစာအား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းတို့ထံ လယ်သမား ၆၀၀ က လက်မှတ်ရေးထိုးပို့ခဲ့ပြီး ရခိုင် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး ကော်မတီ ဥက္ကဋ္ဌထံသို့လည်း ဆက်လက်စာပို့ရန် စီစဉ်နေသည်ဟု သူက ပြောသည်။

ယခုနှစ်တွင် ရေကြီးရေလျှံ မဖြစ်ခဲ့၍ စပါးအထွက်နှုန်း အလွန်ကောင်းမွန်သည်ဟုပြောနိင်ပြီး  နှစ်ပေါင်း ၂၀ အတွင်း ယခုနှစ်သည် စပါး အထွက်နှုန်း အကောင်းဆုံးနှစ်ဖြစ်ကြောင်း  ဒေသခံ လယ်သမားများက  ပြောကြားကြသည်။

သို့သော် စပါးစျေးနှုန်းသည်ထုတ်လုပ်မှုစရိတ်အောက်ကျဆင်းနေ၍ လယ်သမားများ အခက်အခဲ ကြံုနေရကြောင်း၊ သို့အတွက် ရခိုင်ပြည်နယ် အစိုးရ အပါအဝင် ပြည်ထောင်စု အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်က ပိုလျှံနေသော ဆန်စပါးများကို ကြိတ်ခွဲပြီး ဖြစ်စေ၊ စပါးသက်သက်ကို ဖြစ်စေ နိုင်ငံခြား တိုင်းပြည်များသို့ တိုက်ရိုက် တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်ပေးစေလိုသည်ဟု လယ်သမားများက အကြံပြုပြောကြားသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...