ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း သောက်သုံးရေ လိုအပ်နေ

ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း သောက်သုံးရေ လိုအပ်နေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ဆင်ခုန်းတိုင် စစ်ဘေးရှောင်ကယ် ဆယ်ရေးစခန်းတွင် သောက်သုံးရေ လိုအပ်နေကြောင်း သတင်းရရှိသည်။

"ရွာမှာက လူဦးရေ လေးရာကျော်လောက်ရှိပါတယ်။ စစ်ဘေးရှောင်စခန်း မှာက လူဦးရေတစ်ထောင်ကျော် ရှိပါတယ်။ အကုန်လုံးပေါင်းလိုက်ရင် လူနှစ်ထောင်နီးပါးရှိပါတယ်။ အရင်တုန်းက ရွာသားသက်သက်သုံးခဲ့ တာတောင် နွေရာသီရေခန်းတတ်ပါတယ်။ ခုအရေးတကြီးလိုအပ်နေတာက သောက်ရေပါ။ သောက်လည်း သောက်/ သုံးလည်းသုံးနေရတော့ နောက်တစ်ပတ်လောက်ဆိုရင် ကန်မှာရေရှိတော့မှာ မဟုတ်ပါဘူး" ဟု ဆင်ခုန်းတိုင်ကျေးရွာ ရယကစာရေး ဦးဘစောက နိရဉ္စရာသတင်း ဌာနသို့ ပြောသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာ၊ စံဂိုးထောင်၊ သျှစ်သျှားတောင်၊ နွားရုံတောင်၊ စပါးထား၊ ကွမ်းတောင်၊ စည်တောင်စသည့်ကျေးရွာများက လူဦးရေတစ်ထောင်ကျော် ခိုလှုံ နေခြင်းဖြစ်ပြီး ကျေးရွာတွင် သောက်သုံးရေကန် နှစ်ကန်သာ ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ တာဝန်ကျ ဝန်ထမ်း တစ်ဦးက "ကျွန်မတို့ဆီကို ဖုန်းဆက်အကြောင်း ကြားလာရင်တော့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ပြန်ပြီး အသိပေးအကြောင်းကြားပေးပါတယ်။ သူတို့ကတဆင့် သက်ဆိုင်ရာ မြို့နယ် ကျေးရွာတွေထိ ဆက်သွယ်ကူညီလုပ်ပေးပါတယ်။ သက်ဆိုင်ရာကို အသိပေးလိုက်ပါမယ်" နိရဉ္စရာသတင်းဌာနသို့ ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်၊ ကျေးရွာများတွင် သောက်သုံးရေရှားပါး မှုကြုံလာလျှင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူညီပေး ရန်စီစဉ် ဆောင်ရွက်ထားပြီး ယင်းသို့ သောက်သုံးရေ လိုအပ်ချက်ဖြစ် နေမှုများအား အကူအညီတောင်းခံနိုင်ရန် အတွက် မြို့နယ်အလိုက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှဖုန်းနံပါတ်များကို ကျေးရွာများထံသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဆင်ခုန်းတိုင်ကျေးရွာရယကစာရေး ဦးဘစောက"လုံခြုံရေးအခြေအနေကြောင့်လား။ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြောင့်လားတော့ မသိပါဘူး။ အလှူရှင်တချို့ လာရောက်လှူဒါန်းတာတွေ ရှိပေမယ့် ရေလာလှူကူညီတာတော့ မရှိသေးပါဘူး။ရေအခက်အခဲကြောင်း နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေဖြစ်လာမှာကိုလည်း စိုးရိမ်ပါ တယ်။ တတ်နိုင်သူတွေလာရောက် ကူညီပေးစေချင်ပါတယ်" ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောစသည့် မြို့နယ်များတွင် စစ်ဘေးရှောင်သုံးသောင်းကျော်အထိရှိနေပြီး စစ်ဘေးရှောင်စခန်းတချို့၏ နွေရာသီရေလိုအပ်ကို ရခိုင်လူမှုအဖွ့ဲအစည်း တချို့နှင့် မီးသတ်ဦးစီဌာနတို့က ကူညီ ဆောင်ရွက် ပေးနေကြောင်း သိရသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...