သျှစ်သောင်းပုထိုးတော်အတွင်း စစ်ဘေးရှောင်များ ဝင်ရောက်ခိုလုံ၍ ထိခိုက်ပျက်စီးမှာကို စိုးရိမ်ရဟုဆို

သျှစ်သောင်းပုထိုးတော်အတွင်း စစ်ဘေးရှောင်များ ဝင်ရောက်ခိုလုံ၍ ထိခိုက်ပျက်စီးမှာကို စိုးရိမ်ရဟုဆို

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ သျှစ်သောင်းဘုရားပုထိုးတော်အတွင်းရှိ အတွင်း/ အပြင် လိူင်ဂူများအတွင်း စစ်ဘေးရှောင်များ ဝင်ရောက်ခိုလုံနေကြသဖြင့် ပုထိုးတော်အတွင်းရှိ ရှေးခေတ် အနုပညာလက်ရာများ ထိခိုက်ပျက်စီးသွားမည်ကို စိုးရိမ်နေရသည်ဟု မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောဆိုသည်။

“ နေက အရမ်းပူတော့ သူတို့လည်းနေစရာနေရာမရှိတော့ ဘုရားပုထိုးတော်အတွင်း ဝင်ရောက် နေထိုင်နေကြတယ်လို့ သိရပါတယ်။ အခု ကြားရတာက သျှစ်သောင်းဘုန်းကြီးကျောင်းမှာ လူပေါင်း ၃၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။ အခုဆိုရင် ဘောင်ဒွဒ်က ထွက်ပြေးလာကြတာ။ ရွာတွေဟာ တစ်ရွာလုံး ထွက်ပြေးရတာ။ လက္ကာဆိုရင် တစ်ရွာလုံးပြေးရတာ။ ရွာကို ပြန်လို့ လည်း မရဘူး။ ဒုက္ခသည်တွေဟာလည်း တစ်နေ့ထက် တစ်နေ့များလာတော့ မြောက်ဦးမြို့မှာ နေစရာတောင် မရှိဘူး။ ဒါကြောင့် သျှစ်သောင်းဘုရားထဲမှာ တစ်ချို့ ဝင်ရောက်နေနေကြတယ်လို့ ကြားရပါတယ်” ဟု ဒေါ်ခင်သန်းက နိရဉ္စရာ သတင်းဌာသို့ ပြောကြားသည်။

ယခုကဲ့သို့ ဝင်ရောက်နေထိုင်သဖြင့် ဘုရားပုထိုးတော်အတွင်း ရှေးခေတ် အနုပညာလက်ရာများ ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်နေရသည်ဟုလည်း ပြောဆိုသည်။

“ အဓိက အချက်နှစ်ချက်ပေါ့။ ရှင်းရှင်းပြောရရင် တစ်ချက်က ဘုရားပုထိုးတော်က ညစ်ပတ်သွားတာပေါ့။ ဒုတိယ တစ်ချက်က အဲဒီမှာ ကလေးငယ်တွေပါလာတယ်ဆိုတော့ ရုပ်တုတော်တွေ၊ ရုပ်လုံး ရုပ်ကြွ ပုံတွေ၊ အရုပ်တွေကို မကိုင်ဘူး၊ မဖဲ့ဘူး၊ မထိဘူး လို့ ဘယ်သူမှ မပြောနိုင်ဘူး။ ကိုင်ရင် ပျက်စီးနိုင်တယ်။ မြောက်ဦး သျှစ်သောင်းမှာက ဘာအကာအကွယ်မှ မရှိဘူး။ သျှစ်သောင်းမှာက အကုန်လုံး အရုပ်တွေဘဲ။ ဒီအတိုင်းထားတာ။ ဒီလို အခြေအနေတွေကြောင့် ပျက်စီးတောင် မကဘူး။ ထိခိုက်နိုင်တယ်။ ဘယ်လို ဖြစ်မလဲဆိုတာ မှန်းဆလို့တောင် မရပါဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

သျှစ်သောင်းဘုရားပုထိုးတော်အတွင်း နေထိုင်သူများကိုလည်း မနေကြနှင့်ဟု ဟန့်တားရန်မှာလည်း အခက်အခဲများ ရှိနေသည်ဟု ပြောဆိုသည်။

“ အခု ထွက်ပြေးလာကြသူတွေက သူတို့အတွက် နေထိုင်ဖို့ကော၊ စားဖို့သောက်ဖို့ကော၊ သောက်သုံးရေ ရဖို့ကော အရမ်းကို အခက်အခဲ ဖြစ်နေကြရပါတယ်။ ကျေးရွာတွေက ရွာလုံး ကျွတ်ထွက်ပြေးလာကြရတယ်။ သူတို့တွေ အတွက် နေစရာလည်း မရှိဘူး။ စားစရာလည်း မရှိဘူး။ သွားစရာလည်း မရှိဘူး။ ဒါကြောင့် သူတို့တွေက ဘုန်းကြီးကျောင်းတွေ၊ ရှေးဟောင်းယဉ်ကျေးမှု ဇုန်နယ် အတွင်းမှာ နေထိုင်နေကြရတယ်။ ဒါကြောင့် ယဉ်ကျေးမှု အမွေအနှစ်တွေ လောလောဆယ်မှာ ရင်လေးဖွယ်ရာ အနေအထားမှာ ကျရောက်နေပါတယ်” ဟု ဒေါ်ခင်သန်းက ပြောဆိုသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...