ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်က အစိုးရအဖွဲ့အစုံနှင့်အတူ ဒေသခံပြည်သူများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီးနောက် တစ်လလျှင် နှစ်ကြိမ် တွေ့ဆုံသွားမည်ဟု ပြောဆိုလိုက်သည်။
"တွေ့ဆုံပွဲမှာ နှစ်ပိုင်း ရှိပါတယ်၊ကျွန်တော်သက်သက်ရော၊ ဝန်ကြီးအားလုံးရော သူဟာသူ ပြည်သူနဲ့ တွေ့နေပါတယ်၊ ကျွန်တော်လည်း လယ်သမားတွေ အမြဲတမ်း တွေ့နေပါတယ်၊၊ ဒါကတော့ အစိုးရအဖွဲ့အစုံနဲ့ ပထမဆုံး တွေ့တာဟာပါ။ ပထမပွဲတွေမှာ နှစ်ယောက် ရှိမယ်။ သုံးယောက် ရှိမယ် မစုံပါဘူး။ တစ်လကို နှစ်ကြိမ် ကျင်းပဖို့ ရှိပါတယ်။ ကြားထဲမှာလည်း တွေ့မှာပါ။ တွေ့ချင်အားဖြင့် ကြားထဲမှာ မသိတာတွေ သိအောင် လာပြီး ပြောတာပါ။ မသိတဲ့အပေါ်မှာ ကျွန်တော်တို့အပေါ်မှာ သံသယရှိမယ်။ သံသယရှိရင် အစိုးရအပေါ်မှာ အယုံအကြည် မရှိဘူး ဖြစ်လာရင်မကောင်းပါဘူး။ အခု သွားနေတဲ့လမ်းကြောင်းက ပြည်သူကို ဦးတည်တဲ့ လမ်းကြောင်း။ ပြည်သူပါမှ အောင်မြင်မှာပါ။ ကျွန်တော်တို့ တကယ်လုပ်တာတွေကို ပြည်သူက သိဖို့လိုတယ် မြင်ဖို့ လိုတယ်။ အမှန်တရားကို လက်ခံပေးဖို့လိုတယ်၊ ယုံကြည့်ဖို့ လိုတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က မဇ္စျိမသို့ ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မအူပင်မြို့နယ်၊ ကျုံနက္ကော် ကျေးရွာ၌ ကျေးရွာအုပ်စု ၁၆ စုမှ ဒေသခံပြည်သူများနှင့် မတ်၂၆ ရက်နေ့တွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ဒေသခံပြည်သူများ က မြေယာကိစ္စများ၊ကျေးလမ်းကိစ္စနှင့်ပညာရေး ကျန်းမာရေးကိစ္စများ မေးမြန်းခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးမှုသည် ပထမဆုံးအကြိမ် ဖြစ်ပြီး ယခင်က ဝန်ကြီးချုပ်၊ ဝန်ကြီးများသည် ပြည်သူများနှင့်တွေ့ဆုံမှုများရှိသော်လည်း အစိုးရအဖွဲ့ဝင် အကုန်လုံးနှင့် တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဝန်ကြီးချုပ်က ပြောသည်။
"ပြည်သူနဲ့တွေ့ချင်ဟာ အင်မတန်အကျိုးရှိပြီးတော့ အစိုးရအတွက်ကော့ နောက်လုပ်ရမဲ့ အတွေ့အကြုံတွေ ဘာလုပ်ရမလဲ၊ ဘယ်လိုကျော်ဖြတ်ရမလဲ၊ပြည်သူနဲ့ ယုံကြည်မှုရှိလာပြီး ပြည်သူနဲ့ ကျွန်တော်တို့ ပေါင်းစပ် လိုက်လို့ရှိရင် ကျွန်တော်တို့ အနာဂတ်က ပိုလှပလာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာ” ဟု ဝန်ကြီးချုပ်က ပြောသည်။
မတ်လ၂၆ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ကျုံနက္ထော်လမ်းပြုပြင်ပေးရန်၊ မြေနုကျွန်းကိစ္စများ သိမ်းဆည်းခံ လယ်ယာမြေယာကိစ္စ၊ ကျောင်းကိစ္စများကို သက်ဆိုင်ရာကျေးရွာများမှ ပြည်သူများက တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ မေးမြန်းခဲ့ပြီး၊တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
တိုင်းအစိုးရအဖွဲ့နှင့် ပြည်သူများတွေ့ဆုံပွဲတွင် ပြည်သူ ၃၀ ကျော်က မေးခွန်းများမေးမြန်းခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးများက ပြန်လည်ဖြေဆိုခဲ့ကာ တိုင်းအစိုးရသို့ မေးခွန်းပေါင်းတိုင်ကြားစာ လက်ခံရေးဖွင့်လှစ်ပေးခဲ့သည်။







