ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် တစ်ပတ်အတွင်း စစ်ရှောင် လူဦးရေ ၇၀၀၀ ခန့်အထိရှိလာ

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် တစ်ပတ်အတွင်း စစ်ရှောင် လူဦးရေ ၇၀၀၀ ခန့်အထိရှိလာ
ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)
ဓာတ်ပုံ - ရဲနိုင်(လောက်ကိုင်)

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် တိုက်ပွဲများကြောင့် တစ်ပတ်အတွင်း စစ်ဘေးရှောင်လာသူ လူဦးရေ ၇၀၀၀ ခန့်အထိ ရှိလာကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းအရေးမှူး ဦးဇော်ဇော်ထွန်း ကဆိုသည်။

“ တစ်ပတ်လောက်အတွင်းမှာကို လူဦးရေ ၇၀၀၀ လောက်က ဝုန်းဒိုင်းကြီးပေါ့နော် ထွက်ပြေးကြတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ထွက်ပြေးလာကြသောဒေသခံများသည် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်အစပ်၊ ရသေ့တောင် မြို့နယ်နှင့် ဘူးသီးတောင် မြို့နယ် အစပ်တို့မှ အများဆုံးဖြစ်ကြကြောင်းလည်း ဦးဇော်ဇော်ထွန်း ကဆိုသည်။

ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် စစ်ရှောင် စခန်း ၃၇ ခု ဖွင့်လှစ်ထားပြီး စစ်ရှောင်လူဦးရေ ၁၄၁၃၉ ဦးရှိကာ နီးစပ်ရာရွာများတွင် ခိုလှုံနေကြသူ ၆၀၈၀ ဦးခန့် ရှိနေကြောင်း သိရသည်။

“ အကုန်လုံးတော့ ၂၀၂၁၉ ဦးဆိုတဲ့ အနီးစပ်ဆုံးစာရင်းကောက်ယူရရှိထားပါတယ်” ဟု ရခိုင် တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး အတွင်းအရေးမှူး ဦးဇော်ဇော်ထွန်းကဆိုသည်။

ထို့အပြင် အရပ်သားသေဆုံးမှုမှာ ၁၆ ဦးထိရှိနေပြီး ဒဏ်ရာရသူ ၃၂ ဦးရှိသည့်အပြင် ဖမ်းဆီးထိန်းသိမ်းခံရသူ အရေအတွက်မှာ ၈၀ ကျော်ပြီဟုလည်း ၎င်းကပြောသည်။

သို့သော် မည်သည့်အဖွဲ့အစည်းများမှ ဖမ်းဆီးသည်ကိုမသိရှိရသလို အချို့မှာ ပျောက်ဆုံးနေသည့် အခြေအနေ တွင်သာရှိနေသည်ဟုလည်း ဦးဇော်ဇော်ထွန်းက ရရှိထားသည့်အချက်အလက်များအား ကိုးကား၍ ပြောပြ သည်။

လက်ရှိတွင် စစ်ဘေးရှောင်စခန်းများအပြင် စစ်ဘေးရှောင်များကို လက်ခံထားသည့် ရွာများတွင်လည်း သောက်သုံးရေ ရှားပါးသည့် ပြဿနာကိုရင်ဆိုင်နေရကြောင်းလည်းသိရသည်။

အစားအသောက်ရိက္ခာအတွက်ကိုမူ ဒေသခံပရဟိတအဖွဲ့များနှင့် အလှူရှင်များကိုသာ အားထားနေရပြီး လုံလောက်မှုမရှိသောကြောင့် အစိုးရအနေဖြင့် သင့်လျော်သည့် နေရာထိုင်ခင်းနှင့် ကျန်းမာရေး စောင့်ရှောက် မှုမျိုးကို စီစဉ်ပေးသင့်ကြောင်းလည်း ဦးဇော်ဇော်ထွန်းက အကြံပြုသည်။

ရက္ခိုင့်အဖွဲ့(AA) နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ပြန်လည် ဖြစ်ပွားခဲ့ပြီး ဒေသခံများအနေဖြင့် နေရပ်စွန့်ခွာ လာရခြင်းလည်းဖြစ်သည်။

အလားတူ မတ်လဆန်းပိုင်းထဲတွင်လည်း တိုက်ပွဲအဓိကဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တပ်မတော်မှ တပ်အင်အား ၈၀၀၀ ခန့် ထပ်မံ စစ်ကူပို့ပေးခဲ့သည်ဟုလည်း ရက္ခိုင့်အဖွဲ့(AA)က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာဖွယ်ရှိပြီး စစ်ဘေးရှောင်များလည်း ထပ်မံရောက်ရှိလာဖွယ် ရှိနေဟု ဝေဖန်အကဲခတ်မှုများလည်း ရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...