ဖေဖေါ်ဝါရီ လနှောင်းပိုင်းက နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားစဉ်က မန်လီ ရွာသား ၁၂ ဉီးအား RCSS/SSA မှ ဖမ်းသွား သည်ဟု စွပ်စွဲပြောဆိုကာအမြန်ဆုံးပြန်လွှတ်ပေးဖို့ တအာင်းလူထု ရာဂဏန်းက လားရှိုးမြို့ တွင် ယနေ့ စုစည်းပြီး မြို့တွင်း စီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖော် တောင်းဆိုကြသည်။
၂၀၁၉ မတ်လ ၁၇ ရက်မနက်ပိုင်းက လားရှိုး၊ နမ့်တူ ၊ နမ့်ခမ်း မြို့နယ်က တအာင်းလူထု ၃၀၀ ခန့်က လားရှိုးမြို့ နန်းဟေ၀န်ပန်းခြံတွင် စုစည်းပြီး လားရှိုးကြီး ပြည်ထောင်စု အားကစားကွင်းအထိ စီတန်းလှည့်လည်ကာ နမ့်တူဒေသခံ ၁၂ ဉီးအားအမြန်ဆုံးပြန်လွှတ်ပေးဖို့ RCSS/SSA အား ဆန္ဒပြ တောင်းဆိုခြင်းဖြစ်သည်။
“ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ နမ့်တူမြို့နယ်ထဲမှာ TNLA နဲ့ RCSS/SSA တို့အကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးတယ်။ ဒေသခံလူထု တွေပျောက်ဆုံးတယ်။ တအာင်းရွာသား တွေဖြစ်ကြတယ်။ မန်လီရွာက ၁၂ ယောက်ပျောက်နေတယ်။ RCSS/SSA ဘဲဖမ်းသွားတာလို့ယုံကြည် တယ်။ ဒါကြောင့်လူသားချင်းစာနာထောက်ထားတဲ့စိတ်နဲ့ ရွာသားတွေကိုပြန်လွှတ်ပေးဖို့ ကျနော်တို့ လာပြီးတောင်းဆိုနေတာဖြစ်တယ် ”- ဟု ဆန္ဒပြသူ တအာင်းဒေသခံတဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။
ဆန္ဒပြပွဲတွင် -RCSS မှဖမ်းဆီးထားသော မန်လီရွာသား ၁၂ ဦးအပါအဝင် နမ္မတူဒေသခံများ အားလုံး ကိုခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်၊ ရိုးသားစွာလုပ်ကိုင်စားသောက်နေသည့် တိုင်းရင်းသား လူမျိုး အချင်းချင်း လူသားချင်းစာနာထောက်ထားရန်၊ ရွာသားများကိုဖမ်းဆီးထားသည့် NCA လက်မှတ်ထိုး ထား သော RCSS က စာချုပ်ပါအချက်အလက်များကိုလိုက်နာရန်၊ လက်နက်ကိုင်အဖွဲ့အစည်းများမှ တိုင်းရင်း သားပြည်သူလူထုအပေါ်လူ့အခွင့်အရေးချိုးဖောက်နေမှုများအားရပ်တန့်ရန်၊ RCSS မှရွာသားများ ကို ဖမ်းဆီး ထားကြောင်းသတ္တိရှိရှိဝန်ခံရန် -အစရှိ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး စီတန်းလမ်း လျှောက်ကြ သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေကောင်စီ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက – “တကယ်တော့ RCSS/SSA အနေနဲ့ဒေသခံလူထုကိုဖမ်းဆီးဖို့ဆိုတာ ပေါ်လစီမရှိပါဘူး။ ဒီကိစ္စမှာလည်း RCSS ဘက်က တကယ်ဖမ်းတာလားမဖမ်းရဘူးလား ဆိုတာကိုလည်း စစ်ဆေးနေတုန်း ဘာမှ အသေ အချာအသေးစိပ်ကျနော်တို့မသိရသေးဘဲနဲ့ အခုလို လူထုအင်အား လူမှုအခြေပြုအဖွဲ့ရဲ့ အင်အား နဲ့ ဆန္ဒပြတာကိုတော့မဖြစ်သင့်ဘူး။ ကျနော်တို့က သျှမ်းပြည်ထဲမှာနေတဲ့သူချင်းမို့ ငြိမ်းချမ်းသော နည်း လမ်းနဲ့ နားလည်အောင် ဦးစွာဆွေးနွေး သင့်တယ်လို့ကျနော်ပြောချင်ပါတယ်။ အခုလိုသူ့လူပျောက် ရင်ကိုယ့်ကိုညှိုး၊ ကိုယ့်လူပျောက်ရင် သူ့ကိုညှိုးနေမယ်ဆိုရင်တော့ပြသနာက ငြိမ်းအေးနိုင်မှာ မဟုတ်ပါဘူး။” – ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် – ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KIA က ကြံခင်းလုပ်သား ၄၇ ဉီးအားဖမ်းဆီးထားခြင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မေတာ် TNLA က နမ့်ခမ်းမြို့နယ် ခိုလုံလီဆော ၈ ဉီးအားဖမ်းဆီးထားခြင်း၊ ယခု မန်လီဒေသခံ ၁၂ ဉီးအား RCSS ဖမ်းဆီးခြင်း – စသည့် စစ်ဘေးစစ်ဒဏ်သင့် သတင်းများအား သျှမ်းပြည်မြောက်ပိုင်းဒေသခံများ ဆက်တိုက်ခံစားလာနေရသည်။







