စက်ဘီးစီးခရီးသွားသျှမ်းညီအကို သျှမ်း၊မြောက်စစ်ဘေးရှောင်များရိက္ခာရရှိရေး လှုပ်ရှားမှုပြုမည်ဟုဆို

စက်ဘီးစီးခရီးသွားသျှမ်းညီအကို သျှမ်း၊မြောက်စစ်ဘေးရှောင်များရိက္ခာရရှိရေး လှုပ်ရှားမှုပြုမည်ဟုဆို
Photo Oon Khur Lao: ပုဂံရောက် စက်ဘီးစီး ခရီးသွားသျှမ်းညီအကိုများ
Photo Oon Khur Lao: ပုဂံရောက် စက်ဘီးစီး ခရီးသွားသျှမ်းညီအကိုများ

ထိုင်းနိုင်ငံချင်းမိုင်မြို့မှ မြန်မာပြည်အနှံ့ စက်ဘီးစီး ခရီးသွား သျှမ်းညီအကိုသည် လမ်းခရီး ၂ လ ကြာမြင့်ချိန် မန္တလေးမြို့သို့ရောက်ရှိကာ သျှမ်းပြည်မြောက်ပိုင်းရှိ စစ်ဘေးရှောင်များ စားနပ်ရိက္ခာရရှိရေးအတွက် စက်ဘီးစီး လှုပ်ရှားမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ လူငယ်အဖွဲ့နှင့်ပူးပေါင်းကာ စစ်ဘေးရှောင်များရိက္ခာရရေး စက်ဘီးစီးလှုပ်ရှားမှု ပြုလုပ် မည်ဖြစ်ကြောင်း စက်ဘီးစီးလူငယ် စိုင်းအွန်ခေးက သျှမ်းသံတော်ဆင့်အားပြောသည်။

“မန္တလေးကနေ သျှမ်းပြည်မြောက်ပိုင်းကိုတက်ပါမယ်။ စစ်ဘေးရှောင်များရိက္ခာရရှိရေးအတွက် အစီအစဉ်ကတော့ သျှမ်းပြည်မြောက်ပိုင်းက လူငယ်တွေနဲ့ချိတ်ဆက်လုပ်ဆောင်သွားပါမယ်။ စိတ်ပါ၀င်စားတဲ့သူတွေဆက်သွယ်ပြီး လိုက်ပါနိုင်ပါတယ်။ ကိုယ့်ကျန်းမာရေးအတွက်လည်းရသလို စစ်ဘေးရှောင်တွေကို ကိုယ့်မှာတတ်နိုင်တဲ့ဘက်က ကူညီနိုင်ဖို့အတွက်ဖြစ်ပါတယ်။ ကောင်းသောအလုပ်ဖြစ်ပါတယ်ခင်ဗျ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

စိုင်းအွန်ခေးနှင့် စိုင်းဆိုင်ဟန်တို့ညီအကိုသည် ထိုင်းနိုင်ငံ ချင်းမိုင်မှ လင်းခေးမြို့သို့ရောက်ရှိချိန် လင်းခေး ဒေသခံလူငယ်စိုင်းထိန်လင်းမှ လိုက်ပါခဲ့ရာ ခရီးသွားချိန် ၂ လ ပြည့်သည့် မတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့သို့ရောက်ရှိ ခဲ့ကြကြောင်း သိရသည်။



Photo Oon Khur Lao: မန္တလေးရောက် စက်ဘီးစီး သျှမ်းညီအကိုအဖွဲ့အား မန္တလေးစက်ဘီးစီးအဖွဲ့က ကြိုဆို

“အတွေ့အကြုံတွေအများကြီးရခဲ့ပါတယ်။ အခက်အခဲတွေရှိတယ်ဆိုပေမယ့်လည်းဘဲ ရောက်တဲ့ဒေသတိုင်းမှာ ကျနော်တို့ကို  ကြိုဆိုကြတဲ့အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ စေတနာရှင်တွေကြောင့် ကျနော်တို့ အဆင်ပြေခဲ့ ပါတယ်။ ကျေးဇူးလည်းအထူးတင်ရှိပါတယ်ခင်ဗျ။ အခု နွေလည်းရောက်လာပြီဆိုတော့ မီးဘေးအန္တရာယ်က အရမ်းစိုးရိမ်ရပါတယ်။ မိဘပြည်သူလူထုတွေကို မီးသုံးစွဲရာမှာ အထူးဂရုပြုပါလို့တိုက်တွန်း ချင်ပါတယ်ခင်ဗျ။ နောက်ပြီး ဒီအချိန်မှာ ယာခင်းတွေကိုမီးရှို့တာ အမှိုက်တွေကိုမီးရှို့တာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ် သင့်ပါတယ်ခင်ဗျ ” – ဟု စိုင်းအွန်ခေးက ပြောသည်။

စက်ဘီးစီး သျှမ်းလူငယ်သည် ဇန်နဝါရီလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံချင်းမိုင်မြို့မှ စတင်ထွက်ခွါရာ ချင်းရိုင်းမြို့ မယ်ဆိုင်မှ နယ်စပ်ကူးကာ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၊ တာလေ၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ ထိုမှတဆင့်သံလွင်မြစ်ဖြတ်သန်းကာ မိုင်းပန် ၊လင်းခေး၊ မောက်မယ်၊ မိုးနဲ၊ ကျိုင်းတောင်း၊နမ့်စန်၊ ခိုလမ်၊ ပင်လုံ၊ လွယ်လင်၊ တောင်ကြီး၊ ညောင်ရွှေ၊ ပင်လောင်း၊ထိုမှ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်မြို့ သို့ရောက်ရှိခဲ့သည်ဟုဆိုသည်။ ထိုမှတဆင့် နေပြည်တော်သို့ပြန်တက်ကာ မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံ၊ ညောင်ဦး၊ မန္တလေးသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဆက်လက်ပြီးသျှမ်းပြည်မြောက်ပိုင်း သို့တက်ကာစစ်ဘေး ရှောင်များအတွက်ရိက္ခာရရှိရေးလှုပ်ရှားမှုပြုကြမည်ဖြစ်ကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...