တနင်္သာရီ ဂျာနယ်အမှု မျှတမှုမရှိ၍ အယူခံဝင်

တနင်္သာရီ ဂျာနယ်အမှု မျှတမှုမရှိ၍ အယူခံဝင်

တနင်္သာရီဂျာနယ်တွင် မဲဆွယ်အပြုံးသရော်စာ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း ထားဝယ် မြို့နယ် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းအပေါ် မျှတခြင်းမရှိဟု ဆိုကာ တနင်္သာရီ ဂျာနယ်ဘက်မှ ထားဝယ်ခရိုင် တရားရုံးသို့ မတ်လ ၁၃ရက်နေ့တွင် အယူခံဝင်ပြီး လျှောက်လဲချက်များပေးခဲ့ကြောင်း သိရသည်။

"ဒီနေ့ အယူခံက မြို့နယ်တရားရုံးက ချမှတ်တဲ့ အမိန့်က ဥပဒေအရရော၊အကြောင်းအခြင်းရာ အရရော၊ ချွတ်ချော်မှုရှိတယ်။နောက်တစ်ခုကကျတော့ ဒီအမိန့်က မျှတတယ်လို့ ကျွန်တော်တို့ မယူဆဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ အယူခံတက်တာပါ " ဟု တနင်္သာရီ ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင် ကပြောသည်။

 အယူခံဝင်ရာတွင် လျှောက်လဲချက် ၈ချက်ရှိပြီး ယင်းအယူခံတင်မှုအပေါ် လက်ခံ၊မခံကို လာမည့် မတ်လ ၂၉ရက်နေ့တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

မဲဆွယ်အပြုံး သရော်စာဖော်ပြခဲ့မှုကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ တရားစွဲဆိုထားသည့် တနင်္သာရီ ဂျာနယ်အမှုအတွက် သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ (ခ) အရ အပြစ်ရှိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင်  အမိန့်ချမှတ်ခဲ့ပြီး တနင်္သာရီ ဂျာနယ်ကို ထားဝယ်တရားရုံးမှ ဒဏ်ငွေအနေဖြင့် ၅သိန်းပေးဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"ဒီသရော်စာက အခြေခံဥပဒေက ပေးထားတဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ အခွင့်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ဆိုတဲ့ အခွင့်ရေးက ပေးထားတဲ့ဟာထက် ကျော်လွန်နေတယ်လို့ အမိန့်ချ ခဲ့တယ် လေ။ အဲဒီလို အမိန့်ချချက်က အခြေခံဥပဒေက ပေးထားတဲ့ ဘောင်ထက် ကျော်လွန် နေတယ်ဆိုတဲ့ အမိန့်ချတဲ့ အချက်က တိကျခိုင်မာတဲ့ သက်သေခံချက်တွေ၊တိကျခိုင်မာတဲ့အကြောင်းပြချက်တွေမရှိဘဲ ချ တယ်လို့ ကျွန်တော်တို့ သုံးသပ်တယ် " ဟု တနင်္သာရီ ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင် ကဆိုသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်ထုတ် တနင်္သာရီဂျာနယ် အတွဲ ၅ အမှတ် ၁၇ တွင်ဖော်ပြပါရှိသည့် ကလောင်ရှင် မူးဆေးအိုး၏ “မဲဆွယ်အပြုံး” သရော်စာသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ အရေးယူပေးရန် ထားဝယ်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည့်အမှု ဖြစ်သည်။

အဆိုပါအမှုကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်များ၏ မိသားစုဝင်များကို ရည်ရွယ်ရေးသား ကြောင်း ပေါ်လွင်နေခြင်းနှင့် မီဒီယာဥပဒေအရ ပေးထားသည့် လွတ်လပ်ခွင့်၊တည်ဆဲဥပဒေအရ ပေးထားသော လွတ်လပ်ခွင့်များအပေါ် ဘောင်ကျော်လွန်နေသည့်အတွက် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။

ထားဝယ် မြို့နယ် တရားရုံး၏ ယင်းကဲ့သို့ အမိန့် ချမှတ်လိုက်ခြင်းသည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း သတင်း မီဒီယာ အဖွဲ့အစည်းများက သဘောထား ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...