SSPP အား ဝေဟင်ထိုးစစ်ဆင်၊ ရွာသား ၅၀၀ ကျော် တိမ်းရှောင်နေရ

SSPP အား ဝေဟင်ထိုးစစ်ဆင်၊ ရွာသား ၅၀၀ ကျော် တိမ်းရှောင်နေရ

အစိုးရ တပ်မတော်က SSPP/SSA တပ်များအား လေကြောင်း အပါအဝင် ထိုးစစ်ဆင်နေသောကြောင့် စစ်ဘေးရှောင် ၅၀၀ ကျော် ကျေးသီးမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းအစပ်တွင် အစိုးရတပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) SSPP/SSA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ယမန်နေ့က စတင်ပြီး အစိုးရတပ်မတော်ဘက်မှ ဝေဟင်ထိုးစစ်များဖြင့် အသုံးပြုလာသည်ဟု ဒေသခံများက ပြောသည်။

“မနေ့က လေယာဉ်နဲ့လာပစ်တာတွေရှိတယ်။ ဒီနေ့လည်း လေယာဉ်တွေလာတယ်။ SSPP နဲ့ တပ်မတော်နဲ့ ဖြစ် နေတာက ကျနော်တို့ သီပေါမြို့နယ်အဆုံး၊ ဟိုဘက် ကျေးသီးမြို့နယ်အစပ်ပေါ့နော်၊ ဒီမိုင်းကိုင် အစပ်ဘက်ပေ့ါ အဲ့ဒီသုံးမြို့နယ်အစပ်မှာဖြစ်နေတာလို့ ပြောရမယ်၊ တိုက်ပွဲက တော်တော်လေး ပြင်းထန်နေတာ ဒီဘက်မှာက” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

ဒေသခံများအဆိုအရ တိုက်ပွဲဖြစ်နေသည်မှာ ၄ ရက်ခန့်ရှိပြီဖြစ်သည်။

သီပေါ၊ မိုင်းကိုင်နှင့် ကျေးသီး သုံးမြို့နယ်အစပ်ရှိ တောင်ကြောတလျှောက် တိုက်ပွဲများဖြစ်ပွား နေရာ သေနတ်သံများ၊ လက်နက်ကြီးသံများ ကြားနေရသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

“ပိုနီးတာကတော့ ကျေးသီးမြို့ နယ်က ပိုနီးတာပေါ့နော် ဒီ SSPP နဲ့ တပ်မတော်အခုဖြစ်နေတဲ့ တိုက်ပွဲတွေက။ အစတော့ တောင်ကြောတွေမှာ ဖြစ်နေတာ၊ ၈ ရက်နေ့ လောက်ကတည်းက စဖြစ်တာလို့ ပြောလို့ရတယ်။ ဖြည်းဖြည်းနဲ့ ရွာတွေနဲ့နီးလာလို့ ရွာသားတွေ ထွက်ပြေးရတာ၊ မနေ့ကစပြီး လေယာဉ်တွေနဲ့ လာပစ်တယ်၊ အကုန်ကြောက်ပြီး ထွက်ပြေးကြတာ” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

အစိုးရတပ်မတော်ဘက်မှ မြေပြင်ထိုးစစ်များအပြင် ဝေဟင်ထိုးစစ်များဖြင့်ပါ တိုက်ခိုက်မှုများရှိနေသည်ဟု သိရသည်။

အနီးအနားရှိ ကျေးရွာများမှ ဒေသခံပြည်သူများ စစ်ဘေးလွှတ်ရာ ထွက်ပြေးနေရသည်ဟု ကျေးသီးမြို့နယ်က စစ်ဘေးရှောင်များအား ကူညီပေးနေသည့် နန်းအွမ်ခမ်း က “အခု ကျေးသီးကို ရောက်လာတာက မြောက်ပိုင်း ကလူတွေပေါ့နော်။ ဒီသီပေါနယ်ဘက်ရှင့်၊ မိုင်းတုံဆိုတာရှိတယ်။ မိုင်းဆတ်-မိုင်းတုံကို ပြောတာမဟုတ်ဘူးနော်၊ သီပေါနယ်ဘက်က မိုင်းတုံကိုပြောတာ။ အခုဒီကိုရောက်လာတာတော့ ၃ ရက် ၃ ညရှိပြီ။ သူတို့က ကျေးသီးက ပိုနီးတော့ ဒီဘက်ကို ပြေးလာတာရှင့်။ လိုအပ်နေတာတွေကတော့ စောင်ပေါ့နော် အဓိက၊ အရမ်းအေးတယ် လေ။ ပြီးတော့ စားသောက်စရာပေါ့၊ လူကလည်းများတော့ ရှိတာနဲ့ မလောက်မငှဖြစ်နေတယ်။ ပြီးတော့ အခုက ပြန်လို့ကလည်း မရသေးဘူး။ ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲအသံတွေကလည်း ကြားနေရတုန်းပဲ” ဟု ပြော သည်။

တိုက်ပွဲအတွင်း ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိသည်ဟု နန်းအွမ်ခမ်း က ဆက်ပြောသည်။

“ပလောင်အမျိုးသမီးတစ်ယောက်ဆိုရင် ဝမ်းဗိုက်မှာပေါ့နော်၊ သေနတ်မှန်တာလည်း ရှိတယ်။ မိုင်းထိတာလည်း ရှိတယ်။ ဒီမိုင်းစပေါ့နော် ထိလာတာ၊ သူတို့က နှစ်မိုင်ကျောင်းမှာရှိတယ်။ နေ့လည်က ဆရာဝန်လည်းလာကြည့် ပေးတယ်။ တစ်ယောက်က အသက် ၅၀ ကျော် ပလောင်အမျိုးသမီးပဲ။ တစ်ယောက်ကိုတော့ ခိုလမ်ဆေးရုံကိုပို့ ထားတယ်။”

ကျေးသီးမြို့နယ်အတွင်းရှိ နှစ်မိုင်ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ ၄၆၅ ဦးရောက်ရှိနေပြီး၊ လွယ်ကော့ကျောင်းတိုက်တွင် ၈၀ ကျော်၊ စုစုပေါင်း ၅၀၀ ကျော်ခန့် စစ်ဘေးတိန်းရှောင်လာသည်ဟု အကူအညီပေးနေသည့် ပရဟိတသမားများက ပြောသည်။

အဆိုပါ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ SSPP/SSA တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော် လည်း ဆက်သွယ်၍ မရပေ။

အလားတူ တပ်မတော်၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသော နေရာများမှာ အစိုးရတပ်မတော်မှ ၄ လ ကြာ အပစ်ခတ်ရပ်စဲထားသည့် စစ်တိုင်း ၅ ခုထဲမှ တစ်ခုဖြစ်သည်။

အစိုးရတပ်မတော်မှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းထားမည်ဟု ကြေညာထားသည်။

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...