ဖမ်းဆီးခံတပ်ဖွဲ့ဝင်များ ပြန်လွတ်ရေး အလေးအနက်စဉ်းစားပေးရန် RCSS တောင်းဆို

ဖမ်းဆီးခံတပ်ဖွဲ့ဝင်များ ပြန်လွတ်ရေး အလေးအနက်စဉ်းစားပေးရန် RCSS တောင်းဆို

ဖမ်းဆီး၊ ထောင်ချခံထားရသည့် RCSS တပ်ဖွဲ့ဝင်များ ပြန်လည်လွတ်မြောက်ရေးအတွက် အလေးအနက် စဉ်းစားပေးရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA) စစ်ဦးစီးချုပ်က ပြောကြားလိုက်သည်။

 “တပ်ပိုင်းပဲဖြစ်ဖြစ်၊ အရပ်ပိုင်းပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီဖမ်းဆီးပြီးတော့ ထောင်ချတဲ့ဟာတွေ၊ ဒါအဓိကအချက် ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တေ်ာတို့ ဒီ NCA လမ်းကြောင်းမှာ သွားနေတဲ့ ကာလမှာ တော်တော် အနှောင့်အယှက်ဖြစ်တဲ့ တစ်ခုဖြစ်နေလို့ ၊ ဒီကိစ္စကို NRPC ရော အလေးအနက် စဉ်းစားပေးစေချင်တယ်” ဟု RCSS စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘောင်ခေးက ပြောသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် မတ်လ ၁၁ရက်၊ နံနက် ၁၀ နာရီက NRPC တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲတွင် အဖွင့်အမှာစကားပြောကြားစဉ် ဗိုလ်ချုပ် ဘောင်ခေးက ဖမ်းဆီး/အကျဉ်းချခံနေရသည့် RCSS တပ်ဖွဲ့ဝင်များနှင့်ပတ်သက်ပြီး ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ မတ်လ ၁၁ ရက်က ပြုလုပ်သည့် NRPC နှင့် RCSS တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်ဘောင်ခေး ဦးဆောင် တက်ရောက်ပြီး တွေ့ဆုံပွဲတွင် RCSS တပ်ဖွဲ့ဝင် ၃၁ ဦး ပြန်လည်လွတ်မြောက်ရေးကိစ္စကို အဓိက ဆွေးနွေးကြမည် ဖြစ်သည်။ ထို့ပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန်ကိစ္စ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စနှင့် နေရပ်စွန့်ခွာရသူ IDP များကိစ္စများကိုလည်း ဆွေးနွေးကြမည်ဟု တွေ့ဆုံပွဲ အစီအစဉ်တွင် ပါဝင်သည်။

RCSS အနေဖြင့် NCA လမ်းကြောင်းအတိုင်း ရှေ့ဆက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကာ တစ်ဆို့နေသည့်ကိစ္စများ၊ နားလည်မှုလွဲနေသည့် ကိစ္စများကို ဆွေးနွေးသွားမည်ဟုလည်း ဗိုလ်ချုပ် ဘောင်ခေးက အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားသည်။

သို့သော် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ခြင်းမှာလည်း NCA လမ်းကြောင်းအတိုင်း ရှေ့ဆက်ရန် ခက်ခဲနေသည့် အချက်တစ်ချက် ဖြစ်သည်ဟု ဗိုလ်ချုပ်ဘောင်ခေးက ဆိုသည်။

“ဘာလို့လည်းဆိုတော့ ပြည်သူလူထုရဲ့ သဘောထားမရယူဘဲနဲ့ ဒီ(၂၁ရာစုပင်လုံ)ညီလာခံကို တက်ဖို့ဆိုတာ ကျွန်တေ်ာတို့ဘက်မှာ အခက်အခဲ ဖြစ်နေပါတယ်။ ဒီကိစ္စလည်း NRPC ကို စဉ်းစားပေးစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။

NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအနက် ရှမ်းနှင့် ရခိုင်အဖွဲ့သည် လက်မှတ်ထိုးပြီး ၃နှစ်ကျော်ကြာသည်အထိ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးခြင်း ဖြစ်သည်။

ဒေသဖွံ့ဖြိုးရေးကဏ္ဍတွင် အခက်အခဲများစွာရှိနေကြောင်း ဗိုလ်ချုပ် ဘောင်ခေးက တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောဆိုပြီး အသေးစိတ်ကိုမူ ပြောကြားသွားခြင်း မရှိပေ။ ထို့ပြင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍လည်း သဘောထားကွဲလွဲမှုနှင့် အထင်အမြင်လွဲမှားမှုများရှိနေကြောင်းလည်း ဗိုလ်ချုပ် ဘောင်ခေးက ပြောဆိုခဲ့သည်။

 “ဒီ(မူးယစ်ဆေးဝါး)ကိစ္စကြောင့် အရပ်သားဖြစ်ဖြစ်၊ ကျွန်တော်တို့ ရဲဘော်တွေပဲ ဖြစ်ဖြစ် အထင်လွဲမှားခံပြီးတော့ ထောင်ကျတာတို့၊ အဖမ်းခံရတာတို့တွေ အများကြီး ရှိတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စများ ပြေလည်သွားပါက RCSS အတွက် NCA လမ်းကြောင်းအတိုင်း ဆက်သွားရန် အခက်အခဲ မရှိကြောင်း ဗိုလ်ချုပ် ဘောင်ခေးက ထည့်သွင်း ပြောဆိုသွားသည်။

 ယနေ့ တွေ့ဆုံပွဲသည် ကောင်းမွန်သည့် ရလဒ်များ ရရှိမည်ဟု မျှော်လင့်ကြောင်းလည်း NRPC ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းကလည်း “နားလည်မှု မတူညီတာတွေ၊ အမြင်ကွဲပြားတာတွေကတော့ ရှိနိုင်ပါတယ်။ လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အားလုံးက ဝိုင်းဝန်း ကြိုးပမ်းနေကြတာပဲ ဖြစ်ပါတယ်။ အဲ့တော့ ဒီနေ့ ဆွေးနွေးပွဲမှာ ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြဖို့၊ အစိုးရဘက်က ဖြည့်စွက်ဆောင်ရွက်မယ့် ကိစ္စရှိပါကလည်း တင်ပြပြောကြားပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...