သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် ပြစ်မှူးကျူးလွန်သူများကို သေဒဏ် ချမှတ်ရန် စစ်တွေတွင် တောင်းဆို

သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် ပြစ်မှူးကျူးလွန်သူများကို သေဒဏ် ချမှတ်ရန် စစ်တွေတွင် တောင်းဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် တနေ့တခြား တိုးပွားလာနေသော သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် ပြစ်မှူးကျူးလွန်သူများကို သေဒဏ်ချမှတ်ပေးရန် တောင်းဆို ဆန္ဒပြပွဲတစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူမှုအဖွဲ့အစည်း ၁၄ ဖွဲ့တို့က ပူးပေါင်းပြု လုပ်ခဲ့ကြသည်။

ယင်းဆန္ဒပြပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လယ် ၂ နာရီကျော်တွင် စစ်တွေမြို့ရှိ ၀င်္ကဘာကွင်းတွင် လူစုရုံးပြီး လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

“ကျွန်မတို့ သက်ငယ်မုဒိမ်းမှု ပပျောက်ရေး အတွက် လှုပ်ရှားဆောင်ရွက်နိုင်ဖို့ အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၄ ဖွဲ့ပါ၀င်တဲ့ ကော်မတီတစ်ရပ်ဖွဲ့ပါတယ်။ ကျွန်မတို့ ကော်မတီအနေနဲ့ ဒီလှုပ်ရှားမှုကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ ရခိုင်ပြည်နယ်မှာ ဒီနှစ်ရော၊ မနှစ်ကကော အသက် ၅ နှစ်အောက် ကလေးတွေကို ပစ်မှစ်ထားပြီး ကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှုတွေ များလာတဲ့ အတွက် ကျွန်မတို့ ဒီလှုပ်ရှားမှုကို လုပ်ရတာဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသမီး ကွန်ယက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

သက်ငယ်မုဒိမ်းမှုများသည် ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်တွင် ပိုမိုများပြားလာပြီး စုစုပေါင်း အမှု ၂၀ ကျော်ရှိသည်ဟု ဒေါ်ညိုအေးက ဆက်ပြောသည်။

“ဒီလ လပြည့်နေ့က တစ်မှုဖြစ်တယ်၊ များမကြာခင်ကလည်း ပေါက်တောက တစ်မှု တက်လာတာပေါ့နော်။ ဒီနှစ်အတွင်းမှာ ရ မှု ရှိနေပြီးတော့ ကုန်ခဲ့တဲ့ နှစ်နဲ့ဆိုရင် ၂၂ မှု ရှိခဲ့တယ်” ဟု ဒေါ်ညိုအေးက ဆက်ပြောသည်။

သက်ငယ်မုဒိမ်းမှု များလာရခြင်းမှာ ဖုန်းမှတစ်ဆင့် ညစ်ညမ်းကားများကြည့်ခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ဆက်စပ်နိုင်သည်ဟု သူမက ထပ်လောင်းပြောကြားသည်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ပုဒ်မ ၃၇၆ ဖြင့်ပြစ်ဒဏ်ချမှတ်မှုမှာ ထိရောက်မှု မရှိသည့်အပြင်၊ ပြစ်ဒဏ်ကျူးလွန်သူများသည် လျှော့ရက်များဖြင့် လွတ်လာကြကြောင်း၊ ယင်းသို့ ပြုလုပ်ခြင်းက မုဒိမ်းမှု ထပ်မံကျူးလွန်အောင် လုပ်ဆောင် ပေးနေသလိုဖြစ်နေကြောင်း၊ သက် ငယ်မုဒိမ်းမှုပပျောက်ရေးအတွက် သက်ငယ်မုဒိမ်းမှုအပါအဝင် မုဒိမ်းမှု မှန်သမျှကို သေဒဏ်ချမှတ်နိုင်အောင် တောင်းဆိုသွားမည်ဟု ဆိုသည်။

ဆန္ဒပြပွဲတွင် ပါ၀င်သူ People for People မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးပြည်သိမ်း ကလည်း “ဒီဆန္ဒပြပွဲမှာ ပူးပေါင်းပါ၀င်ရတဲ့အဓိက အချက်ကတော့ ရခိုင်ပြည်နယ်မှာ သက်ငယ်မုဒိမ်းမှုတွေ အခု တလောမှာ တိုးပွားလာနေတဲ့ အနေအထားမှာ ရှိပါတယ်။ အဲ့ဒါကြောင့် သက်ငယ်မုဒိမ်းမှုတွေ ပပျောက်ဖို့အတွက် လူထုပိုမိုပြီး ပူးပေါင်းပါ၀င်လာအောင် လုပ်ဆောင်ရတာဖြစ်တယ်။ နောက်တစ်ခုက သက်ငယ် မုဒိမ်းမှုအတွက် ပြစ်ဒဏ်ချမှတ်မှုတွေ အားနည်းနေတယ်။ တရားဥပဒေပိုင်းက ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ပေးဖို့နဲ့ လွှတ်တော်ကနေပြီးတော့ သက်ငယ်မုဒိမ်းမှု အတွက် သေဒဏ်ချမှတ်ဖို့ ဥပေဒပြဌာန်းပေးဖို့ အတွက် ရည်ရွယ်ပြီး ပြုလုပ်ရတာဖြစ်ပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယနေ့ပြုလုပ်သော ဆန္ဒပြပွဲသို့ လူအင်အား ၁၀၀ ကျော်သာ ပူးပေါင်း ပါ၀င်ခဲ့ကြသည့်အတွက် အားမရကြောင်း ရခိုင်အမျိုးသမီးအစည်း အရုံးမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ စောမပုစိန်က ပြောကြားခဲ့သည်။

“ရခိုင်လူမျိုးတွေ အနေနဲ့ ဘင်္ဂလီအရေး လှုပ်ရှားမှုတွေမှာပဲ ပူးပေါင်းပါ၀င်မှု များပြီးတော့ အခုလိုမျိုး ဆန္ဒပြပွဲမှာ ပါ၀င်မှု နည်းတဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ အခု အစိချေကြောင့် သက်ငယ်မုဒိမ်းမှုတွေ ပိုများလာပါတယ်။ ဒီ အမှုတွေ လျော့ကျ ပပျောက်ဖို့အတွက် ယောကျ်ားတွေပါ ပူးပေါင်းပါ၀င်သင့်ပါတယ်။ ဒီပြစ်မှုအတွက် သေဒဏ် မချမှတ်သမျှ ကာလပတ်လုံး နောက်တစ်ခါ ကျူးလွန်ဖို့ အားပေးနေသလိုမျိုး ဖြစ်နေပါတယ်”ဟု စောမပုစိန်က ပြောသည်။

ဆန္ဒပြရာတွင် “သက်ငယ်မုဒိမ်းမှု သေဒဏ်ပေး၊ သက်ငယ်မုဒိမ်းမှုရပ်၊ ကလေးငယ်များအား အလွဲသုံးစားလုပ်မှုရပ်၊ သက်ငယ်မုဒိမ်းမှု ပပျောက်ဖို့ ၀ိုင်းဝန်းပါ၀င်ကြပါစို့” စာတန်းပါ ဗီနိုင်းများကို ကိုင်ဆောင်၍ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

လျှောက်ရာတွင် ၀င်္ကဘာကွင်းမှ ဦးဥတ္တမလမ်းအတိုင်း လမ််းမကြီးသို့ ချီတက်ပြီး၊ ယင်းမှ မေယု လမ်းဘက်သို့ ကွေ့ဝင်၍ တရားရုံးကိုဖြတ်ကာ၊ မင်းဗာကြီးလမ်းအတိုင်း ပြန်လျှောက်ပြီး၊ ဦးဥတ္တမလမ်းသို့ ပြန်ဝင်ကာ ၀င်္ကဘာကွင်းတွင် လူစုခွဲခဲ့ကြသည်ဟု သိရသည်။

ဆန္ဒပြပွဲကို မွန်းလွဲ ၂ နာရီကျော်တွင် စတင်ပြီး ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...