မာန်အောင်ရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိက “ ဘီးပေါက်ပြီး လမ်းဘေးကို ထိုးကျသွားတာဟုတ်ပါတယ်။ ဒီကနေ့ နံနက် ၉ နာရီခန့်မှာ ဖြစ်တာပါ။ လေယာဉ်ပေါ်မှာတော့ လေယာဉ်မှူး တစ်ဦး၊ လက်ထောက် လေယာဉ်မှူးတစ်ဦး၊ လေယာဉ်မယ် တစ်ဦးနဲ့ ခရီးသည် ၈ ဦး၊ စုစုပေါင်း ၁၁ ဦးလိုက်ပါတယ်။ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး” ဟု အတည်ပြု ပြောကြားသည်။
လေယာဉ်သည် လေယာဉ်ကွင်းသို့ ဆင်းသက်စဉ် ပေ ၂၀၀ ခန့်သာ ပြေးရသေးပြီး ညာဘက် နောက်ဘီး ပေါက်ကာ လမ်းဘေးသို့ ချော်ကျကာ ရပ်သွားခဲ့သည်ဟု ဆိုသည်။
“ မတော်တစ်ဆ ဖြစ်ပြီးတဲ့ လေယာဉ်ရှေ့က ပန်ကာလည်း ကွဲသွားတယ်လို့ သိရတယ်။ ပျံလို့ တော့ ခုချိန်ထိ မရသေးဘူး။ ပြင်နေတယ်လို့ သိရပါတယ်။ နောက်လေယာဉ် တစ်စီးနဲ့ လာရောက်ပြီး ခရီးသည်တွေကို တင်ယူသွားတယ်လို့ သိရပါတယ်” ဟု ဆက်လက် ပြောဆိုသည်။
မြန်မာလေကြောင်းလိုင်းသည် ရန်ကုန်နှင့် မာန်အောင်အကြား တစ်ပတ်တွင် – တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ – သုံးရက်ပျံသန်းပြေး ဆွဲနေပြီး ယခု လေယာဉ်မှာ ရန်ကုန်မှ ပျံသန်းလာသော လေယာဉ် ဖြစ်ကြောင်း သိရသည်။







