အောက်တိုဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၁၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း မြန်မာ လုံခြံုရေး တပ်ဖွဲ့ဝင်များ ကျဆုံးမှု စာရင်းနှင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ ဘင်္ဂလီများဘက်မှ သေဆုံးမှုစာရင်းကို သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စုစုပေါင်း ဘင်္ဂါလီ ၆၉ ဦးသေဆုံးပြီး ဖမ်းဆီးရမိ ၂၃၄ ဦး ရှိခဲ့ကြောင်း၊ ထိုအထဲမှ ၂၉ ဦးကို တရားဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သက်ဆိုင်ခြင်းမရှိသူ ၂၃ ဦးကို ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
၎င်းအပြင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှ နို၀င်ဘာ ၁၄ ရက်အထိ တိုက်ပွဲဖြစ်စဉ် ၉ ကြိမ်၊ ဘင်္ဂါလီဖမ်းဆီးရရှိမှု ၆၁ ကြိမ်၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှု ၁၀ ကြိမ်၊ ပစ်ခတ်ဖမ်းဆီးမှု ၉ ကြိမ်၊ နှောက်ယှက်ပစ်ခတ်ခံရမှု ၃ ကြိမ်၊ ကားမိုင်းဖောက်ခွဲခံရမှု ၃ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။
ဘင်္ဂါလီအကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးထွက်ပြေးမှုကြောင့် ၀ါးပိတ်ကျေးရွာတွင် အိမ်ခြေ ၁၀၅ လုံး၊ ကြက်ရိုးပြင်ရွာတွင် အိမ်ခြေ ၅ လုံး၊ ငါးခူရ (ဘင်္ဂါလီ)ကျေးရွာတွင် ဆိုင်ခန်း ၃ ခန်း၊ မြင်းလွတ်ရွာသစ်ရှိ လူနေထိုင်ခြင်းမရှိသော ရဲကင်းအဆောက်အဦ ၃ လုံး၊ မြင်းလွတ်(အနောက်)ရွာမ အလယ်တန်းကျောင်းရှိ ဆရာမ အိပ်ဆောင် ၁ ဆောင်၊ ဒါးကြီးစား(တောင်)ရွာတွင် နေအိမ် ၆၀ လုံး၊ ဂွဆုံကျေးရွာတွင် နေအိမ် ၅၀ လုံး၊ ပွင့်ဖြူချောင်းရွာတွင် နေအိမ် ၅၀ လုံး စုစုပေါင်း အဆောက်အဦ ၂၇၇ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းတွင် ဆက်လက် ဖော်ပြသည်။
ဘင်္ဂါလီအကြမ်းဖက်သမားများမှ နေအိမ်များကို မီးရှို့ထွက်ပြေးကြ၍ မီးလောင်မှု ဖြစ်ပွားခဲ့သည့် ကျေးရွာ ၆ ရွာရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေး တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးသည့် ပုံစံမျိုးဖြစ်စေရန် ဖန်တီး လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
တပ်မတော်အနေဖြင့် မောင်တောဒေသတွင် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဥပေဒေနှင့်အညီ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုများကို ဆက်လက် ပြုလုပ်နေကြောင်း သိရသည်။







