အသက်(၁၅)နှစ်အရွယ် မိန်းကလေးကိုယ်ဝန်ရရှိခဲ့မှုအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ငွေကျပ်(၅)သိန်းဖြင့် ကျေအေးပေးခဲ့

အသက်(၁၅)နှစ်အရွယ် မိန်းကလေးကိုယ်ဝန်ရရှိခဲ့မှုအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ငွေကျပ်(၅)သိန်းဖြင့် ကျေအေးပေးခဲ့

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင်နေထိုင်သည့် အသက်(၁၅)နှစ်အရွယ် မိန်ကလေးကိုယ်ဝန်ရရှိခဲ့မှုအား ကျူးလွန်သည်ဟု တိုင်ကြားခံရသူက လျော်ကြေးငွေ ကျပ်(၅)သိန်းနှင့်လာရောက်ညှိနှိုင်းမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက ကျေအေးပေးခဲ့ကြောင်း သိရသည်။

အသက်(၁၅)နှစ်အရွယ် မိန်းကလေးနှင့် အိမ်နီးချင်းဖြစ်သူ ကိုမျိုးအောင် (၂၅)နှစ်တို့မှာ ၂၀၁၈ခုနှစ် ဧပြီလမှစတင်၍ ချစ်ကြိုက်ခဲ့ရာမှ မိန်းကလေးဘက်မှ ကိုယ်ဝန် ၅လ ရရှိချိန်တွင် ကိုမျိုးအောင်မှတာဝန်မယူလိုသည့်အတွက် မိန်းကလေး၏အဖွားက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံ တိုင်ကြားခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါတိုင်ကြားထားမှုကို ကမာဝက်မြို့ စိန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက နှစ်ဦးနှစ်ဖက်အား ညှိနှိုင်းပေးခဲ့ပြီး ကိုမျိုးအောင်မှ မိန်းကလေးကိုလက်မထပ်နိုင်သည့်အတွက် နစ်နာကြေး ငွေကျပ် ၅သိန်းပေးလျော်ခဲ့ပြီး ကျေအေးကြောင်း နှစ်ဦးသဘောတူ ကတိလက်မှတ်ကို ၂၀၁၈ခုနှစ် နိုဝင်ဘာ ၇ရက်နေ့တွင် ယင်းအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ပေးခဲ့သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ လုပ်ပေးခဲ့သည့် ကတိလက်မှတ်တွင် ၎င်းတို့နှစ်ဦးသည် နောက်နောင်တွင်ပါဝင်ပတ်သက်မှုမရှိပါကြောင်း ၊ မိန်းကလေးမွေးဖွားမည့်ကလေးစရိတ်ကို လည်းလုံးဝပေးစရာမလိုပါကြောင်းနှင့် ထိုအကြောင်းအရာကိုနှစ်ဦးလုံး နားလည်သဘောပေါက်၍ လက်မှတ်ရေးထိုးကြောင်း စသည့်အချက်များပါဝင်ရေးသားထားသည်။

“ အုပ်ချုပ်ရေးမှူးတွေက ဘယ်အမှုကရာဇဝတ်မှုလဲ ဘယ်အမှုက တရားမမှုလဲ ဘယ်အမှုကပြစ်မှုလဲ သူတို့သိတယ်။ ဒီအမှုသည် ဘယ်ပုဒ်မနဲ့ညှိတယ်ဆိုတာလည်း သူတို့သိတယ် သိသိချည်းနဲ့ဒီကိစ္စကို သူတို့ကျုးလွန်တယ် အမကတော့ ဒီကျုးလွန်သည့် အုပ်ချုပ်ရေးမှူးကိုလည်း အရေးယူသင့်တယ်လို့ ထင်တယ်။ အစ်မကတော့ တရားဥပဒေအတိုင်းဆောင်ရွက်သွားမယ်” ဟု အဆိုပါမိန်းကလေးငယ်၏အရေးအား လိုက်ပါဆောင်ရွက်ပေးနေသည့် အနာဂတ်လူမှုကွန်ယက်အဖွဲ့မှ ဒေါ်သက်ထားလွင်က ပြောသည်။

အနာဂတ်လူမှုကွန်ယက်အဖွဲ့မှ ဥက္ကဌဖြစ်သူ ဒေါ်သက်ထားလွင်မှ ရင်ခွင်မဲ့ကလေးလျှော့ချရေးစီမံချက်အား ကွင်းဆင်းဆောင်ရွက်နေစဉ် ကျူးလွန်ခံရသည့် အသက်(၁၅)နှစ်အရွယ် မိန်းကလေးနှင့် သူနာပြုတစ်ဦးမှ လာရောက် အကူညီတောင်းခံခဲ့ခြင်းမှ တဆင့် ဖြစ်စဉ်ကို သိရှိခဲ့ရသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ဖြေဆိုရန်ငြင်းဆန်ခဲ့သည်။

ချစ်ကြိုက်မိရာမှကိုယ်ဝန်ရရှိခဲ့ပြီး တာဝန်ယူရန်ငြင်းဆိုသည့် ကိုမျိုးအောင်အား အနာဂတ်လူမှုကွန်ယက်အဖွဲ့မှ ဒေါ်သက်ထားလွင်က အရေးယူပေးပါရန် တရားလိုပြုတိုင်တန်းခဲ့သည့်အတွက် ရာဇသတ်ကြီးပုဒ်မ- ၃၇၆ဖြင့် အမှုဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း မုဒုံမြို့နယ်ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...