မုဒုံမြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထံမှ ထိုင်းဘတ်ငွေ ၁၇၁၀ ဘတ် လက်ဝယ်တွေ့ရှိပြီး အမှုဖွင့်အရေးယူထားမှုအပေါ် ဝေဖန်မှုများရှိနေ
မုဒုံမြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထံမှ ထိုင်းဘတ်ငွေ ၁၇၁၀ ဘတ် လက်ဝယ်တွေ့ရှိ၍ ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူထားမှုအပေါ်မှာ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုများက ယင်းဖြစ်ရပ်အပေါ်မှာ ဝေဖန်မှုများ ရှိခဲ့သည်။
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ၊ ဝင်းစိန်တောရဘုရားသွားလမ်းဘေး၌ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းအချိန်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးသတင်းအရ မွန်ပြည်နယ်၊ ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ ရဲအုပ်ကျော်ဆန်း ဦးစီးအဖွဲ့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း မူးယစ်ဆေးဝါးတစ်စုံတစ်ရာမတွေ့ရှိရပဲ ၎င်းတို့ နှစ်ဦးထံမှ ထိုင်းဘတ်ငွေ ၁၇၀၀ ဘတ် လက်ဝယ်တွေ့ရှိမှုဖြင့် မုဒုံမြို့မရဲစခန်းမှ (ပ) ၃၅၄/၂၀၁၉၊ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ - ၄၂ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
“၂၀၁၅ မှာ ပြန်ပြင်လိုက်တဲ့ နိုင်ငံခြားငွေ ဥပဒေအရ ဆိုရင် နိုင်ငံခြားငွေကို လက်ဝယ်ထားမယ်တို့၊ ဒါမှမဟုတ် ပြည်တွင်းကို ပြည်ပကနေတင်သွင်းတာတို့ဆိုရင် သတ်မှတ်ချက်နဲ့အညီတင်ပြပြီးတော့ သိမ်းဆည်းခွင့် ရှိတယ်ပေါ့။ ကျွန်တော်တို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေလည်းများတယ်။ နောက်တစ်ခု ကျွန်တော်တို့ သိထားတာက ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာအနေနဲ့ဆိုရင် လူတစ်ဦးကို ဒေါ်လာတစ်သောင်း ဆီလက်ဝယ်ထား ခွင့်ရှိတယ်ဆိုတဲ့ ဖြေလျော့မှုမျိုးပေးထားတယ်ဆိုတော့ အခု ဖမ်းမိတယ်ဆိုတဲ့ ထိုင်းဘတ်ငွေတန်ဖိုးနဲ့ဆိုရင် ဘာမှ မပြောပလောက်တဲ့ ပမာဏလေးပဲ။ ဒါကိစ္စကို ဘယ်လိုမှ အမှုမဖွင့်သင့်တဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ယူဆပါတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ထောက်ပြပြောဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်အမှုဖွင့်အရေးယူခံထားရသူနှစ်ဦးကို ရဲတပ်ဖွဲ့မှအာမခံပေးထားပြီး ဥပဒေအရာရှိအကြံပြုချက်ကို ရယူပြီးဖြေလျော့မှုတွေ ဆောင်ရွက်သွားမည်ဟု သိရသည်။
“ဒီကိစ္စကို သုံးသပ်ရရင် ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပဲလေ။ အကယ်၍ နိုင်ငံခြားငွေတွေ၊ သောင်းနဲ့ချီ၊ သိန်းနဲ့ချီပြီးပါလာရင်တော့ဒါကတေ့ တစ်မျိုးပေါ့ဗျာ”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောဆိုသည်။
ခရီးသွားလုပ်ငန်းအားဖွံ့ဖြိုးအောင် ကြိုးစားနေချိန်တွင် နိုင်ငံခြားငွေအနည် းငယ်နှင့်အခုလိုဖမ်းဆီးအရေးယူခံရတာ မဖြစ်သင့်ကြောင်း ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ပြောသည်။
“အဲ့ဒီပမာဏက လူတိုင်းမှာလည်း ရှိနိုင်တယ်။ နောက် Money Changer တွေမှာလည်း ရှိမယ်။ နောက်ပြီး ထိုင်းနိုင်ငံက ပြန်လာလို့ပါလာတာဖြစ်နိုင်သလို၊ ထိုင်းနိုင်ငံကို သွားဖို့အဝင်အထွက် လွယ်ရအောင် ငွေလဲသွားတာလည်း ဖြစ်နိုင်တာပဲလေ။ အခုလို ထိုင်းဘတ်ငွေ ပမာဏ နည်းနည်းလေးကို ဖမ်းလိုက်တာ မလုပ်သင့်ဘူးလို့ထင်ပါတယ်”ဟု ဦးမျိုးဝင်းက ပြောဆိုသည်။
နယ်စပ်ဒေသများတွင် ထိုင်းဘတ်ငွေများကိုသုံးစွဲနေပြီး အခုလိုပမာဏနှင့် ဖမ်းဆီးအရေးယူခံရသည့်အတွက် နယ်စပ်ဒေသနှင့်စီးပွားရေးလုပ်နေသူများအတွက် စိုးရိမ်မှုများရှိလာရကြောင်း ဘုရားသုံးဆူမြို့တွင်နေထိုင်သည့် နိုင်တင်မွန်က ပြောသည်။
“ဒီမြို့မှာကဘတ်ပဲသုံးစွဲနေတာ ရောင်းဝယ်ဖောက်ကားမှုကထိုင်းနိုင်ငံနှင့် နီးစပ်မှုများတာကိုး ဒီမှာသုံးစွဲနေရင်းနဲ့မှ ပြန်သွားတဲ့အခါ မေ့ပြီးပါရင် ပါသွားမှာပေါ့ ငွေအစစ်မှန်မဟုတ်ဘူးဆိုရင်တော့ တစ်မျိုးပေါ့ ဒီလိုတော့ မဖမ်းသင့်ဘူး “ ဟု နိုင်တင်မွန်က ပြောသည်။
ထိုင်းဘတ်ငွေ ၅၀၀ ဘတ်တန် တစ်ရွက်၊ ၁၀၀ ဘတ်တန် ခြောက်ရွက်၊ ၅၀ ဘတ်တန် တစ်ရွက်နှင့် ၂၀ ဘတ်တန် ၂၈ ရွက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မုဒုံမြို့မရဲစခန်း၏ ရဲမှတ်တမ်းအရ သိရသည်။







