“မီးရှို့ခံရတယ်ဆိုတာက သေချာပါတယ်။ ကျွန်တော်တို့က စုံစမ်းတုန်းပါ။ မြင်းလွှတ်ကို ဖုန်းဆက်မှရမယ်။ အဲဒီမှာ ကျောင်းကလည်း ပိတ်ထားတော့လေ။ တပ်နဲ့ ရဲနဲ့တော့ စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု အင်ဒင်းနယ်ခြားစောင့်စခန်း နယ်မြေမှူးက နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
ဦးဒေါင်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးကလည်း မီးလောင်သည်မှာ ဟုတ်မှန်ကြောင်း၊ ရ နာရီ ၀န်းကျင်လောက်က ဖြစ်ကြောင်း၊ ဆရာမများနေထိုင်သည့် တန်းလျားကို မီးလောင်ခြင်းဖြစ်ကြောင်း၊ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဦးဒေါင်းကျေးရွာသည် မြင်းလွှတ်နှင့် အနီးတွင်တည်ရှိပြီး မြင်းလွှတ်မြို့နှင့် ဦးတောင်းကျေးရွာအကြားတွင် ကျောင်းတောင် ကျေးရွာတစ်ရွာတည်ရှိကြောင်း သိရသည်။
ကျောက်ပန်းတူ ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ မီးလောင်သည်မှာ ဟုတ်မှန်ကြောင်း၊ ရှို့မီးဟု သိရကြောင်း၊ သူတို့မှာ ရွာထဲတွင် နေ၍ မမြင်ရသော်လည်း ရွာပြင်တွင် နေထိုင်သူများ မီးလောင်နေသော မီးရောင်များကို မြင်ရကြောင်း ပြောကြားသည်။
ယင်းသို့ မီးလောင်မှု ဖြစ်ပွားသောကြောင့် မြင်းလွှတ် အထကခွဲ ဆရာ/ဆရာမများနေထိုင်ရာ နှစ်ခန်းတွဲအဆောင် ပြာကျသွားပြီး၊ ၄ ခန်းတွဲတစ်ဆောင်တွင် ၂ ခန်း မီးလောင်သွားသည်ဟု သိရသည်။
လွန်ခဲ့သော နှစ်ရက်ကလည်း မြင်းလွတ်ကျေးရွာရှိ နယ်ခြားစောင့်ရဲစခန်းတစ်ခု စခန်းတွင် ရဲတပ်သားများ မရှိစဉ် မီးရှို့ခံခဲ့ရသည်ဟု သိရသည်။







