တပ်မတော်(ရေ)မှထွက်ပြေးလာပြီး ကျိုက်ထိုမြို့တွင်သေနတ်ပြ၍ ဓားပြတိုက်သူ(၂)ဦးကို ညတွင်းချင်းဖမ်းမိ

တပ်မတော်(ရေ)မှထွက်ပြေးလာပြီး ကျိုက်ထိုမြို့တွင်သေနတ်ပြ၍ ဓားပြတိုက်သူ(၂)ဦးကို ညတွင်းချင်းဖမ်းမိ

ကျိုက်ထိုမြို့နယ် စည်ပင်သာယာရေးရုံးအရှေ့တွင်ဖွင့်လှစ်ထားသည့် One Stop Mart စတိုးဆိုင်အား AK47 သေနတ်ကိုင်ဆောင်၍ ဓားပြတိုက်သွားသူ(၂)ဦးကို ညတွင်းချင်းပဲ ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ကျိုက်ထိုမြို့တွင် ၂၄နာရီဖွင့်လှစ်ထားသည့် one stop mart ဆိုင်တွင် ဇန်နဝါရီလ ၁၅ရက်နေ့ ည(၁၁)နာရီကျော်တွင် မျက်နှာဖုံးစွပ်ထားသည့် လူ(၂)ဦးမှ သေနတ်ကိုင်ဆောင်၍ ဆိုင်အတွင်းသို့ဝင်ရောက်လာခဲ့ပြီး ဆိုင်ကောင်တာတွင်ထိုင်နေသည့် စာရေးမထံမှငွေများတောင်းခံသဖြင့် မရှိကြောင်းပြောရာ သေနတ်ကိုင်ဆောင်သူက အံဆွဲအတွင်းမှငွေများကို အတင်းလုယူသွားကြောင်း ထို့အပြင် ဆိုင်သို့ဈေးဝယ်ရန်လာရောက်သူတစ်ဦးထံမှ ဆိုင်ကယ်သော့လုယူ၍ ယင်းဆိုင်ကယ်နှင့် ထွက်ပြေးသွားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်ကို ကျိုက်ထိုမြို့မရဲစခန်းတွင် လာရောက်တိုင်ကြားသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ မြို့အဝင်အထွက်လမ်းများကို ပိတ်ဆို့ရှာဖွေခဲ့ရာ ကင်းပွန်းချောင်းကျေးရွာအနီး ဦးစိုးဝင်းဇရပ်တွင် မင်္သာဖွယ်လူနှစ်ဦးကို စစ်ဆေးကြည့်ရာမှ ပြစ်မှုကျူးလွန်သူ (၂)ဦးဖြစ်နေသည့်အတွက် ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူ(၂)ဦးဖြစ်သည့် ရေတပ်ဗျူဟာစစ်ရေယာဉ်စု ၊ ဗျူဟာ (၁) ၊ သန်လျင်မြို့မှ ရဲထက် (၂၃နှစ် ) နှင့် ကွပ်ကဲထိန်းသိမ်းရေးစခန်း(မစ်ဇိုင်း) ၊ ရေတပ်ပေါင်းစု ၊ သန်လျင်မြို့မှ အောင်ကိုကိုဦး (၂၀)နှစ်တို့သည် ၂၀၁၈ခုနှစ် ဇူလိုင်လတွင် ယင်းတို့တပ်အသီးသီးမှ ထွက်ပြေးလာကြသူများဖြစ်ပြီး ယင်းတို့ထံမှ စတိုးဆိုင်မှလုယူသွားသည့် ငွေကျပ် ၂သိန်း ၊ ဈေးဝယ်သူထံမှ လုယူသွားသည့် ဆိုင်ကယ် ၊ AK 47 သေနတ် ၁လက် ၊ ကျည်အတောင့် ၄၀ ၊ ကျည်အိမ် ၁ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“ သူတို့အသုံးပြုတဲ့သေနတ်တွေက တပ်မတော်ကအသုံးပြုတဲ့သေနတ်မဟုပါဘူး။ မြဝတီဘက်က တစ်နည်းနည်းနဲ့ရလာတာ ဖြစ်ပါလိမ့်မယ်။ သေနတ်ဖွက်ထားတဲ့အချိန်မှာ ဖမ်းမိလိုက်လို့ပါ။ လက်နက်လက်ထဲမှာရှိနေတဲ့အချိန်ဆိုရင် ပစ်ခတ်မှုတွေ ဖြစ်နိုင်တယ် “ ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်ဝင်းက ပြောသည်။

အဆိုပါပြစ်မှုကျူးလွန်သူ ၂ဦးကို ကျိုက်ထိုမြို့မရဲစခန်းမှ (ပ) ၄၃/ ၂၀၁၉ ၊ ရာဇသတ်ပုဒ်မ ၃၉၂ အရ အမှုဖွင့်၍ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...