မော်လမြိုင်တွင် ရေမီတာခွန် (၆၀)ရာနှုန်းခန့် မရရှိနေဟု စည်ပင်ဝန်ကြီးပြော

မော်လမြိုင်တွင် ရေမီတာခွန် (၆၀)ရာနှုန်းခန့် မရရှိနေဟု စည်ပင်ဝန်ကြီးပြော

မော်လမြိုင်တွင် စည်ပင်သာယာရေးဌာနမှ ရေပေးဝေမှုအတွက် ရေမီတာခွန် (၆၀) ရာခိုင်နှုန်းခန့်မှာ အလေအလွင့်ဖြစ်နေကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

မော်လမြိုင်မြို့ပေါ် ၂၃ရပ်ကွက်ကို စည်ပင်သာယာရေးဌာနမှရေပေးဝေနေပြီး တရားမဝင်ပိုက်လိုင်းခိုးသွယ်ခြင်း၊ ဖြန့်ဝေသည့် ပိုက်လိုင်းများယိုယွင်းမှုကြောင့်ရေအလေအလွင့်ဖြစ်ခြင်း၊ ကောက်ယူသည့်မီတာယူနစ်များ Error တက်မှုများကြောင့် အလေအလွင့်ဖြစ်ပြီး ဆုံးရှုံးရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့ဆီက ထွက်သွားတဲ့ရေမီတာကိုကြည့်လိုက်ရင် ကျွန်တော်တို့အများကြီးရှုံးတယ်။ ရတဲ့အခွန်ကရှုံးနေတော့ လိုအပ်တဲ့ပိုက်တွေကို ကျွန်တော်တို့ပြန်မဝယ်နိုင်ဘူး။ အမြဲတမ်းစိုက်နေလို့မဖြစ်ဘူး “ ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

မော်လမြိုင်မြို့တွင် တစ်ရက်ကိုရေဂါလံ (၄၁)သိန်းပေးဝေနေပြီး မြို့နေလူဦးရေအရ ရေလိုအပ်ချက်မှာ ဂါလံ(၆၈)သိန်းခန့် ရှိကြောင်း သိရသည်။

မြို့ပေါ် ၂၉ရပ်ကွက်တွင် ၂၃ရပ်ကွက်ကိုသာ စည်ပင်သာယာရေးဌာနမှ ရေပေးဝေနိုင်နေပြီး ကျန်ရပ်ကွက်များမှာ ပိုက်လိုင်းမရှိသောကြောင့် ရေပေးဝေနိုင်ခြင်း မရှိကြောင်း မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးဌာန အင်ဂျင်နီယာဌာနခွဲမှ အင်ဂျင်နီယာမှူး ဦးခင်မောင်လတ်က ပြောသည်။

“၂၃ရပ်ကွက်ကိုတောင် ၁၀၀ရာခိုင်နှုန်း လွှမ်းခြုံအောင်ရေမပေးဝေနိုင်သေးဘူး။ လူတွေကအလကားလိုချင်နေကြတယ်။ ရေဖိုးသွားတောင်းရင် လွယ်လွယ်ကူကူ မပေးချင်ကြဘူး “ ဟု ဦးခင်မောင်လတ်က ပြောသည်။

စည်ပင်သာယာရေးဌာနမှ ရေကို (၂၄)နာရီအပြည့်မပေးဝေနိုင်ခြင်း၊ လက်ရှိပေးဝေးနေသည့် ဂါလန် သိန်း(၄၀)ကျော်တွင် ရေဂါလံ သိန်း(၂၀)ခန့်ကိုသာ ရေသန့်ပေးဝေးနိုင်ခြင်း စသည့် အားနည်းချက်များရှိနေသေးကြောင်း ဦးခင်မောင်လတ်က ဆိုသည်။

“ ရေအလေအလွင့်ဖြစ်တယ်ဆိုတာမှာလည်း အချို့ပိုက်လိုင်းတွေက အင်္ဂလိပ်ခေတ်တည်းကဟာတွေ နှစ်ကြာလာတာနဲ့အမျှ ယိုယွင်းမှုတွေရှိလာတယ်။ ရေမီတာတွေက စံနှုန်းမမှီတာတွေဖြစ်တော့ ယူနစ် error ဖြစ်တာတွေရှိတယ်” ဟု ၎င်းကပြောသည်။

အဆိုပါရေအလေအလွင့်ဖြစ်မှုများ လျော့နည်းအောင် စည်ပင်သာယာရေးဌာနအနေဖြင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် ရေမီတာကောက်ခံနိုင်ရန် ပြင်ဆင်နေပြီးဖြစ်ကြောင်း ဦးခင်မောင်လတ်က ထပ်မံပြောကြားသည်။

“ဒစ်ဂျစ်တယ်ရေမီတာစနစ်ကို ကျွန်တော်တို့စပြီးအကောင်ထည်ဖော်နေပြီ။ စားသောက်ဆိုင်တွေမှာသုံးနေတဲ့ တက်ဘလက်တွေလိုပေါ့။ အိမ်ရှင်တွေဆီက မီတာတွေကို ဓာတ်ပုံရိုက်လိုက်တဲ့အခါ ကျွန်တော်တို့ဆာဗာတွေဆီကို ရောက်လာမယ်။ ရေခွန်တစ်လဘယ်လောက်ကြလဲဆိုတာတွေကို ကျွန်တော်တို့ဆာဗာကပဲ ထုတ်ပေးလိမ့်မယ် ဘယ်အိမ်တွေကျန်လဲဆိုတာကိုလည်း ကျွန်တော်တို့စောင့်ကြည့်နေလို့ရတယ် “ ဟု ဦးခင်မောင်လတ်က ဆိုသည်။

အဆိုပါဒစ်ဂျစ်တယ်ရေမီတာကောက်ခံသည့်စနစ်ကို အကောင်အထည်ဖော်ရန် စည်ပင်သာယာဌာနမှတစ်နှစ်စီ ရရှိသည့်ဘတ်ဂျက်အလိုက် မီတာများကို ပြန်လည်လဲလှယ်နေပြီး ရေသွယ်ယူရန် အသစ်ထပ်မံလျှောက်လာသည့်ရေမီတာများကိုလည်း အရည်အသွေးပြည့်မှီသည့် မီတာများကိုသာ အသုံးပြုခိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုရည်ရွယ်ထားတာက ပေးဝေနေတဲ့ရေတွေကိုသန့်ဖို့ ဦးစားပေးလုပ်နေတယ်။ ၂၄နာရီရေရရှိအောင်လည်း လုပ်နေပါတယ်။ ပိုက်လိုင်းတွေကို ပြန်လည်ပြုပြင်သွားဖို့ ရှိပါတယ်။ ၂၀၂၃ခုနှစ်မှသာ ပြီးပြည့်စုံတဲ့စနစ်ဖြစ်မှာပါ။ အဲ့ဒီအချိန်တွေဆိုရင် အနည်းဆုံး ၁၅ ရာခိုင်နှုန်းလောက်ပဲ ဆုံးရှုံးမှုရှိတော့မှာပါ “ ဟု အင်ဂျင်နီယာမှူး ဦးခင်မောင်လတ်က ဆိုသည်။

စည်ပင်သာယာရေးဌာနမှ ဖြန့်ဝေပေးနေသည့်ရေကို တစ်ယူနစ်လျှင် ၁၅၀ကျပ်ဖြင့် စစ်တပ်တပ်ရင်းများကိုပါ ကောက်ခံနေပြီး ဘာသာရေးကျောင်းများကိုမူ(၂၀)ရာခိုင်နှုန်း လျော့ပေးကြောင်း စည်ပင်သာယာရေးဌာနမှ သိရသည်။

စည်ပင်သာယာရေးဌာနမှ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များကို ဖြန့်ဝေပေးနေသည့်ရေများကို အတ္ထရံမြစ်ကန် (၂)ခု၊ ကင်းပွန်ချုံကန် နှင့် ရွှေနတ်တောင်ဆည်တို့မှ သိုလှောင်သုံးစွဲနေခြင်းဖြစ်သည်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...