Published
Saturday, November 05, 2016
မောင်တောနယ်ခြားစောင့်တပ် ကွပ်ကဲရေးမှူးဟောင်းကို အကျယ်ချုပ်ချ
မောင်တောမြို့နယ် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်ဟောင်း မောင်မောင်ခိုင်အား စစ်ဆေးမေးမြန်း အရေးယူရန်အတွက်ဆိုကာ အကျယ်ချုပ် ချထားလိုက်ကြောင်း သတင်းရရှိသည်။
မောင်တောမြို့နယ်မှ နယ်ခြားစောင့် စခန်း သုံးခု တိုက်ခိုက်ခံရပြီးနောက် လုံခြံုရေးဆိုင်ရာ သုတေသန စစ်တမ်း ပြုလုပ် ခဲ့ပြီးနောက် ယခုလို အရေးယူရန် အကျယ်ချုပ်ချထားလိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံတော် သမ္မတရုံး အကြီးတန်း အရာရှိကြီး တစ်ဦးက ပြောကြောင်း ဘီဘီစီ (မြန်မာပိုင်း)က နိုဝင်ဘာ ၃ ရက်နေ့ ညနေပိုင်းက သတင်း ကြေညာသည်။
ရဲမှူးချုပ်ဟောင်း မောင်မောင်ခိုင်သည် အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစောင့် စခန်းများ တိုက်ခိုက်ခံရချိန်က မင်းပြားမြို့နယ်သို့ ရောက်ရှိနေကြောင်း သိရသည်။
ယခုအခါ ၎င်း၏ နေရာတွင် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးဌာနချုပ် ကွပ်ကဲရေးမှူး အဖြစ် ရဲမှူးချုပ် သူရစန်းလွှင်ကို အစားထိုး ခန့်အပ်ထားလိုက်ပြီ ဖြစ်သည်။







