မော်လမြိုင်တက္ကသိုလ်အနီးတွင် KTV နှင့် အရက်ဘီယာများ ရောင်းချသည့်ဆိုင်များ ဖွင့်လှစ်မှုနှင့် ပတ်သက်ပြီး မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ဝေဖန်လိုက်သည်။
တက္ကသိုလ်အနီးတွင် ဒုစရိုက်မှုများရှိနေသည်ကို ကျောင်းသား/သူများ စိုးရိမ်နေကြခြင်း၊ ကျောင်းဝင်း ထဲတွင် ဆိုင်ကယ်များ ပျောက်ဆုံးခြင်း၊ ကျောင်းအနီးတွင် လုယက်မှုများဖြစ်ပေါ်လာခြင်းတို့မှာ ယင်းကဲ့သို့ KTV နှင့် အရက်ဘီယာများရောင်းချသည့်ဆိုင်များတွင် သုံးစွဲရန်ငွေကြေးလိုအပ်မှုများနှင့် ဆက်နွယ်မှုရှိသည်ဟု ယူဆရကြောင်း မော်လမြိုင် တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ ကိုဆန်းသိန်းဝင်းက ပြောသည်။
“အနီးနားမှာ KTV တွေ၊ ဘီယာဆိုင်တွေ ရှိလာတာကြောင့် ကျောင်းသားတွေအနေနဲ့ ပိုက်ဆံတွေ ပိုလိုလာနိုင်တယ်။ ဒုစရိုက်မှုတွေဖြစ်ပေါ်လာဖု့ိ အလားအလာတွေပိုရှိလာနိုင်တယ်။ KTV က သီချင်း ဆိုတာ အပြင် သောက်တာစားတာပါ ပါလာမှာ အဲ့ကနေတစ်ဆင့် ယာဉ်တိုက်မှုတွေ မူးယစ်းဆေးဝါးတွေအထိပါ ဖြစ်လာနိုင် တယ်။ ဒါကြောင့် တက္ကသိုလ်အနီးမှာ KTV ပဲဖြစ်ဖြစ် အရက်ဘီယာဆိုင်ပဲဖြစ်ဖြစ် မရှိစေချင်ပါဘူး “ ဟု ၎င်းက ဆက်ပြောသည်။
ယင်းအပြင် တက္ကသိုလ်နယ်မြေအဖြစ်သတ်မှတ်ထားသည့် ဧရိယာတွင် အစိုးရအနေနှင့်ဥပဒေအတိုင်း ထိထိရောက်ရောက်ဆောင်ရွက်ပေးရန် လိုအပ်တယ်ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ ကလည်း ပြောသည်။
“ပညာရေးနဲ့ဆိုင်တဲ့ဥပဒေအရ ဧရိယာ ဘယ်လောက်လဲပေါ့။ အဲ့ဒီအတွင်းမှာ ဒီဆိုင်တွေကို မရှိစေချင် ပါဘူး။ ကျောင်းအုပ်ချုပ်ရေးတွေကို ပြောလဲပြောဖူးပါတယ်။ ဒါကျောင်းပြင်ပမှာဖြစ်တဲ့ကိစ္စဆိုပြီး အဲ့လိုနဲ့ပဲ နိဂုံး ချုပ်နေတာများပြီ။ အာဏာပိုင်တွေနဲ့လည်း ပူးပေါင်းပြီးလုပ်ဖူးပါတယ်။ ရလာတဲ့ရလဒ်က အရမ်းနည်းလွန်းပါတယ်”ဟု ကိုမင်းသံစဉ်ဦးက ပြောသည်။
ကျောင်းသားနှင့်အရက်ဘီယာသည် မသက်ဆိုင်သည့်အရာဖြစ်တာကြောင့် ကျောင်းအနီးဝန်းကျင်တွင် အဆိုပါဆိုင်များ မဖွင့်သင့်ကြောင်းလည်း မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်မေဂျာမှ ကျောင်းသူတစ်ဦးက ပြောသည်။
မော်လမြိုင်တက္ကသိုလ်ကိုဗဟိုပြု၍ အနီးဝန်းကျင် ၇၁၆ ဧကခန့် ကို တက္ကသိုလ်နယ်နိမိတ်အဖြစ် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် အတည်ပြု သတ်မှတ်ထားသည်။ မော်လမြိုင်တက္ကသိုလ်နယ်နမိတ်အဖြစ် သတ်မှတ်မှု အရ လူနေအိမ်များ၊ စားသောက်ဆိုင်များသည် ယင်းနယ်နမိတ်အတွင်း ပါဝင်နေသည်။
“ တက္ကသိုလ်နယ်မြေအတွင်းမှာ KTV လုပ်ငန်းတွေမလုပ်ဖို့တားမြစ်ထားပါတယ်။ အရက်ဆိုင်တွေက တော့ လိုင်စင်ပါစည်းကမ်းအတိုင်းရောင်းချလို့ရပါတယ် “ ဟု မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောသည်။
မော်လမြိုင်တက္ကသိုလ်အနီးပတ်ဝန်းကျင်တွင် တရားဝင်လိုင်စင်ရှိသည့် KTV ၁၄ဆိုင်ရှိကြောင်း မွန်ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ယမန်နှစ်စာရင်းအရ သိရသည်။







