ဘူးသီးတောင်မြို့နယ်၊ ကံပြင်ကျေးရွာတွင် လက်နက်ကြီးကျသောကြောင့် ဒေသခံ ၂၀၀ ကျော် ထွက်ပြေး

ဘူးသီးတောင်မြို့နယ်၊ ကံပြင်ကျေးရွာတွင် လက်နက်ကြီးကျသောကြောင့် ဒေသခံ ၂၀၀ ကျော် ထွက်ပြေး
စေတီတောင်ရွာသို့ ရောက်ရှိနေသည့် ကံပြင်ကျေးရွာမှ စစ်ဘေးရှောင်များ
စေတီတောင်ရွာသို့ ရောက်ရှိနေသည့် ကံပြင်ကျေးရွာမှ စစ်ဘေးရှောင်များ

ဘူးသီးတောင်မြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့က မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်မတော်(AA) တို့အကြား တိုက်ပွဲဖြစ်ပွားရာတွင် ကံပြင်ကျေးရွာအတွင်း လက်နက်ကြီးများကျရောက်မှုရှိသောကြောင့် ကျေးရွာသား ၂၀၀ ကျော်မှာ ကြောက်လန့်ထွက်ပြေးခဲ့ရကြောင်း ကျေးရွာသားများက ပြောကြားသည်။

ကံပြင်ကျေးရွာအတွင်း လက်နက်ကြီးများကျရောက်မှုမှာ အကြိမ်ရေ ၁၀ ကျော်အထိရှိကြောင်း ပြောဆိုမှုများ လည်းရှိနေပြီး ယခုတိုက်ပွဲသည် ၂၀၁၉ ခုနှစ်၏ ပထမဆုံးအကြိမ်တိုက်ပွဲလည်း ဖြစ်သည်။

“လက်နက်ကြီး ငါးလုံးကျတာပါ။ ကံပြင်ရွာနဲ့ အနီးတောင်ကုန်းတွေ ပေါ်မှာသုံးလုံးနဲ့ ဘုန်းကြီးကျောင်းအနီး တောင်ကုန်းတွေပေါ်မှာ နှစ်လုံးပါ” ဟု ကံပြင် ဒေသခံ ဦးသာလှထွန်းက ပြောသည်။

ထွက်ပြေးလာသည့် ကံပြင်ကျေးရွာသား ၂၀၀ ကျော်မှာ စပါးထား၊ ဆင်ခုန်းတိုင်၊ စေတီတောင်၊ ဇေယျာမြိုင်၊ စည်တောင်နှင့် သေကန်ခွဆုံကျေးရွာများတွင် တိမ်းရှောင်နေကြကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

လက်ရှိကံပြင်ကျေးရွာတွင် အမျိုးသားများသာ ကျန်ရှိနေခဲ့ပြီး ယနေ့(ဒီဇင်ဘာလ ၂ ရက်နေ့)အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ယင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအား အကူအညီပေးရန်လည်း မသွားရောက်နိုင်သေးကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဆိုသည်။

“ကျေးရွာသားတွေကတော့ ပြန်နိုင်တဲ့အခြေအနေ မရှိသေးဘူး။ ကျနော်တို့လည်း အခုလောလောဆယ် တိုက်ပွဲဖြစ်နေတဲ့အတွက် မသွားရောက်နိုင်သေးဘူး။ တိုက်ပွဲပြီးသွားရင်တော့ စစ်ဘေးရှောင်တွေအတွက် စားသောက်ရေးတွေကို ကူညီဖို့ ပါတီအနေနဲ့လည်း စဉ်းစားထားတယ် ” ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာကျေးရွာနှင့် နွားရုံတောင် ကျေးရွာကြားတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...
May 9, 2026
တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ...
May 8, 2026
ရခိုင်ပြည်နှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်(AA) ၏ ထိုးစစ် စစ်မျက်နှာများကို ကွပ်ကဲရန်...
May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...