စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ်ဝင်းထိုက်(ခ)ဖိုးလုံး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ စစ်တွေ အမှတ်(၁) ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုရဲဇော်အား ရမန်နှစ်ပတ် ထပ်မံယူလိုက်သည်။
ကိုရဲဇော်ကို ဒီဇင်ဘာလ ၂၈ နေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးရန် ရုံးချိန်းပေးထားသော်လည်း သူ၏ ကျန်းမာရေးအခြေအနေကြောင့် ရုံးမထုတ်နိုင်ခဲ့ဘဲ ရမန်ယူခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့က တရားရုံးမှာပဲ ရမန်ယူမယ်လို့ ထင်ထားတယ်။ အခုတော့ ကိုရဲဇော်ရဲ့ ကျန်းမာရေးအခြေနေကြောင့် ဆေးရုံမှာပဲ တရားသူကြီးက လာပြီး နောက်ထပ်ရမန်ယူလိုက်ပါတယ် ” ဟု ကိုရဲဇော်၏ သူငယ်ချင်းဖြစ်သူ ကိုမင်းဘာချေက DMG ကို ပြောသည်။
ဖမ်းဆီးစစ်ဆေးခံနေရသူ ကိုရဲဇော်မှာ ဗိုက်အောင့်၊ သွေးတိုး၊ အသားဝါ၊ ခါးနာ စသည့်ဝေဒနာများဖြင့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေခြင်းဖြစ်သည်။ ယခုအချိန်တွင် သူ၏ ကျန်းမာရေးအခြေနေမှာ ယခင်ကထက် သက်သာလာပြီဟု ကိုမင်းဘာချေက ဆက်လက်ဆိုသည်။
ကိုရဲဇော်ကို ဒီဇင်ဘာ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရာ ရန်ကုန်တိုင်းရင်းသားကျေးရွာတွင် ဖမ်းဆီးကာ စစ်တွေသို့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် စစ်ဆေးရန် လွဲပြောင်းပေးခဲ့သည်။
ကိုရဲကျော်မှာ ရခိုင်အမျိုးသားပါတီ (ANP)၏ ရန်ကုန်တိုင်း လူငယ်အဖွဲ့ဝင်ဖြစ်ပြီး AYC ရခိုင် လူငယ်အဖွဲ့တွင်လည်း အဖွဲ့ဝင်ဖြစ်ကာ ပရဟိတ၊ လူမှုရေးကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်သူတစ်ဦးလည်းဖြစ်သည်။
သေဆုံးသွားသည့် ကိုဖိုးလုံးမှာ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ဝင်္ကဘာကွင်း ဈေးပွဲတော်အတွင်း အမည်မသိသူတစ်ဦးမှ သေနတ်ဖြင့်အနီးကပ် လုပ်ကြံခံရကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ယင်းအမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း တက်ကြွလှုပ်ရှားလူငယ်များဖြစ်သော ကိုအောင်ချေ၊ ကိုမေယုထွန်းနှင့် ခိုင်ဘိုဘိုတို့ကိုလည်း စစ်တွေမြို့မရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်။







