တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို လေးလကျော်ကြာ ရပ်ဆိုင်းမည်ဟု ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည့်နေ့မှ စတင်၍ ယမန်နေ့ကအထိ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
ယမန်နေ့က ရသေ့တောင်မြို့နယ် သြရမတောင်တန်းပေါ်သို့ တပ်မတော်က လက်နက်ကြီးများဖြင့် နေရာအနှံ့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ပြီးနောက် နေ့လည်ပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် စစ်ရေးလှုပ်ရှားမှုအရှိန်မှာ ရခိုင်ဒေသအတွင်း ဆက်လက်ရှိနေဆဲ ဖြစ်သောကြောင့် နောက်ထပ် တိုက်ပွဲကြီးများ ပြင်းထန်လာမည့် အရိပ်အယောင်များကို တွေ့မြင်နေရသည်ဟု ရက္ခိုင့်တပ်မတော်က ထုတ်ပြန်ထားသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားရန်အတွက် စစ်ရေးလှုပ်ရှားမှု လေးလကျော်ကြာ ရပ်ဆိုင်းရန် တပ်မတော်က ကြေငြာချက်ထုတ်ပြန်ထားသည်။
သို့သော် စစ်ရေးရပ်ဆိုင်းမည့် နယ်မြေတွင် တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ မပါဝင်သောကြောင့် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ တိုက်ပွဲပြင်းထန်မည်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူလူထုက စိုးရိမ်နေကြသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် စစ်ရေးလှုပ်ရှားမှုဆိုင်ရာကို မရပ်ဆိုင်းခြင်းမှာ ARSA အကြမ်းဖက်သမားများ ရှိနေသောကြောင့်ဟုဆိုကာ တပ်မတော်က အကြောင်းပြကြသည်။
တပ်မတော်အနေဖြင့် ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်မှုများ၊ အမှန်တကယ်ရပ်စဲပြီး နိုင်ငံရေးပြဿနာ ဆွေးနွေးအဖြေရှာနိုင်ရန်အတွက် မြန်မာ့တပ်မတော်အနေဖြင့် မြေပြင်တစ်နိုင်ငံလုံးအတာဖြင့် အပစ်ခတ်ရပ်စဲကြောင်း ကြေညာသင့်ကြောင်း၊ စစ်ပွဲဖြစ်ပွားနေသည့် နေရာများကို ကွက်ကျားအပစ်ရပ်ဆိုင်းပြီး လက်ရှိ တိုက်ပွဲ ပြင်းထန်နေသည့် ရခိုင်ဒေသကို ချန်လှပ်ထားသည်မှာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆက်လက်စိုးရိမ်ရာ ဖြစ်သည်ဟု MNDAA၊TNLAနှင့် AA တို့က ဒီဇင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် စစ်ဘေးရှောင် ဦးရေ (၂၀၀၀)ခန့် ရှိနေသည်ဟု ကုလသမဂ္ဂအေဂျင်စီက ထုတ်ပြန်ထားသည်။







