ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် စစ်ဆင်ရေးများအားလုံး ရပ်ဆိုင်းပေးမည်ဟု တပ်မတော်ကတိပေး

ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် စစ်ဆင်ရေးများအားလုံး ရပ်ဆိုင်းပေးမည်ဟု တပ်မတော်ကတိပေး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် တပ်မတော်ဘက်က စစ်ဆင်ရေးများအား လာမည့် ၂၀၁၉ နှစ်၊ ဧပြီလကုန်အထိ ရပ်ဆိုင်းပေးသွားမည်ဟု ဒီဇင်ဘာ ၂၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” ဆိုသည့် ထုတ်ပြန်ချက်တစ်စောင်ကို ဒီဇင်ဘာ ၂၁ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များ တွေ့ဆုံသည့် ပွဲတွင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

တပ်မတော်အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်  ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေ ) များရှိ အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တစ်ဖွဲ့ချင်းစီ ညှိနှိုင်းဆွေးနွေးသွားရန် လိုအပ်သည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ယင်းသို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ မှ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်အထိ စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ အားလုံးကို ရပ်ဆိုင်းပေးပါမည်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်ဘက်မှ စစ်ဆင်ရေး ရပ်ဆိုင်းပေးမည့် နယ်မြေများတွင် KIA ၊ TNLA ၊ MNDAA ၊ AA စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားနေသည့် နေရာများလည်း ဖြစ်သည်။

တပ်မတော်ဘက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးရန် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အရာရှိကြီးများ အပါအဝင် သက်ဆိုင်ရာနယ်မြေများရှိ စစ်တိုင်းမှူးများ ပါဝင်သည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်း ပေးသွားမည်ဟုလည်း ဆိုသည်။

တပ်မတော်မှ ဖွဲ့စည်းပေးထားသည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့သည် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့(၁၀)ဖွဲ့ နှင့် လည်း လိုအပ်ပါက တစ်ဖွဲ့ချင်းအလိုက် ဆွေးနွေးသွားမည်ဟုလည်း ဆိုသည်။

ယင်းသို့ ညှိနှိုင်းဆွေးနွေးနေစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်း ကြား တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြန်အလှန် တိုက်ခိုက်ခြင်း ၊ ဒေသခံ တိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်းများအား မပြုလုပ်ရန် တာဝန်ယူထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မည်ဟု တပ်မတော်ဘက်က ဆိုသည်။

ယင်းအပြင် သဘောတူစာချုပ်များအတိုင်း ကတိတည်ရန် ၊ ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန် ၊ ဒေသခံပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန် ၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် ဆိုသည့်အချက်များကို လိုက်နာရမည်ဟုလည်း တပ်မတော်က သတိပေးထားသည်။

အဆိုပါကိစ္စရပ်များအား ဖြစ်ပေါ်လာပါက လိုအပ်သလို တားဆီးဆောင်ရွက်သွားမည်ဟုလည်း  တပ်မတော်ဘက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးမြောက်စေရန် ဆုံးဖြတ်ထားခြင်းကြောင့် သတ်မှတ်လုပ်ငန်းစဉ်များ အောင်မြင်သည်အထိ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...