မောင်တောတွင် စစ်သုံ့ပန်းများအပါ အကျဉ်းသား ၇၀ ခန့် AA လွတ်ငြိမ်းပေး

မောင်တောတွင် စစ်သုံ့ပန်းများအပါ အကျဉ်းသား ၇၀ ခန့် AA လွတ်ငြိမ်းပေး
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk

တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ အပါဝင် အကျဉ်းသား ၆၇ ဦးကို အာရက္ခတပ်တော်(AA)က ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း သိရသည်။

လွတ်မြောက်လာသူများထဲတွင် စစ်သုံ့ပန်း ၃၅ ဦး၊ ARSA နှင့် ဆက်စပ်သူ ၃ ဦး၊ လက်နက်ခဲယမ်း မှောင်ခို ပို့ဆောင်သူ ၄ ဦးနှင့် အခြားအမှုများဖြင့် အကျဉ်းကျခံနေရသူ ၂၅ ဦးတို့ ပါဝင်ကြောင်း သိရသည်။

အာရက္ခတပ်တော်အနေဖြင့် တိုက်ပွဲကာလတွင် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး လူသားချင်း စာနာထောက်ထားမှုနှင့် လွတ်ငြိမ်းဖြင့် ပြန်လည် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အာရက္ခတပ်တော်၏ အကျဉ်းထောင် အရာရှိတစ်ဦးက ပြောသည်။

“ ရခိုင်ပြည်က တိုက်ပွဲတွေမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေနဲ့ အခြား အမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတိုင်းကို ဥပဒေနဲ့ အညီကောင်းမွန်စွာ စောင့်ရှောက်ထိန်းသိမ်း ထားပါတယ်။ ဒီလို ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေကိုလည်း အခါကြီး ရက်ကြီးတွေမှာ လူသားချင်း စာနာထောက်ထားပြီးတော့ နှစ်စဉ်နှစ်တိုင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးနေတာတွေ ရှိတယ် ” ဟု ပြောသည်။

ယခုလွှတ်ပေးလိုက်သည့် စစ်သုံ့ပန်းနှင့် အကျဉ်းသား ၆၇ ဦးအထဲတွင် မွတ်ဆလင် ၃၀ ကျော် ပါဝင်သည်ဟုလည်း အကျဉ်းစခန်းနှင့် နီးစပ်သူများထံက သိရသည်။

ဧပြီလ ၁၀ ရက်က ကျရောက်ခဲ့သည့် အာရက္ခတပ်တော်၏ ၁၇ နှစ်မြောက် မွေးနေ့တွင် ပလက်ဝတိုက်ပွဲများ၌ ဖမ်းဆီးခံထားရသည့် စစ်သုံ့ပန်း ၂၁ ဦးနှင့် မတ်လ ၄ ရက်ကလည်း စစ်သုံ့ပန်း ၃၀ ဦးကို လွှတ်ပေးခဲ့သည်။

အာရက္ခတပ်တော်က စစ်သုံ့ပန်းများကို လူသားချင်း စာနာထောက်ထားမှုအရ လွှတ်ပေးနေသည့် အခြေအနေများကိုလည်း ဆက်တိုက်တွေ့လာရကြောင်း ရခိုင်စစ်ရေး စောင့်ကြည့်နေသူများက ဆိုသည်။

“ ရခိုင်ပြည်မှာ အာရက္ခတပ်တော်က စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေကို ဆက်တိုက် လွှတ်ပေးလာတာကို ဒီနှစ်အတွင်း ခပ်စိပ်စိပ် တွေ့လာရတယ်။ ဒါက လူသားချင်း စာနာထောက်ထားမှုနဲ့ လွတ်ငြိမ်းတွေ ပေးနေတာဖြစ်တယ်။ စစ်ကောင်စီက တပ်ဖွဲ့ဝင်တွေကို ဗုံးကြဲသတ်ဖြတ်နေစဉ်မှာ အာရက္ခတပ်တော်က လွှတ်ပေးနေတာဟာ အာရက္ခတပ်တော်ရဲ့ လူသားဆန်မှုကို ပြသနေတာဖြစ်တယ် ” ဟု ရခိုင်စစ်ရေး စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင်လည်း ရခိုင်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသည့် စစ်သုံ့ပန်းနှင့် မိသားစုဝင်များ ထားရှိသည့် အကျဉ်းစခန်းများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲများတွင် အာရက္ခတပ်တော်ထံ ဖမ်းဆီးခံထားရသည့် စစ်သုံ့ပန်းနှင့် မိသားစုဝင် ထောင်နှင့်ချီ ရှိနေပြီး ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ အာရက္ခတပ်တော်က ပြန်လွှတ်ပေးခဲ့သည့် အရေအတွက် ၂,၀၀၀ ကျော်အထိ ရှိလာကြောင်း DMG က ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...
July 30, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာသို့ အင်အားဖြည့်တင်းရန်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသော ပြည်သူများ တစ်ဖက်တစ်လမ်းမှ အဆင်...
July 27, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်...