(မောင်တောမြို့နယအထက်ပြူးမ(ရခိုင်)ကျေးရွာ။ ဓာတ်ပုံ - ချလူးအောင်)
အထက်ပြူးမကျေးရွာသားနှစ်ဦး တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားပြီးနောက် ဒေသခံများမှာ စိုးရိမ်ထိလန့်မှုများနှင့် ရင်ဆိုင်နေကြရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးဆောင်ရွက်နေသော်လည်း နယ်မြေကျယ်ပြန့်၍ လုံခြုံရေးအင်အား မလုံလောက်သောကြောင့် ဒေသခံများ အသွားအလာ ဆင်ခြင်ကြရန် ရဲတပ်ဖွဲ့က တိုက်တွန်းသည်။
မောင်တောမြို့နယ်၊ အထက်ပြူးမ(ရခိုင်)ကျေးရွာက လူနှစ်ဦး ငါးရှာသွားစဉ် တိုက်ခိုက်ခံရ၍ သေဆုံးသွားသောကြောင့် ဒေသခံများမှာ စိုးရိမ်လျက်ရှိသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က DMG ကို ပြောသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် ပျောက်ဆုံးသွားသော ဦးမောင်ထွန်းအေး နှင့် ဦးမောင်မောင်သန်း တို့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် အထက်ပြူးမ(ရခိုင်)ရွာ၏ မြောက်ဘက် မီတာ ၁၅ဝဝ ခန့်အကွာ ပြူးမချောင်း ကမ်းစပ်နံဘေး၌ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် သူတို့နှစ်ဦးအား မည်သူသတ်ဖြတ်ခဲ့ကြောင်း မသိရှိသေးဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က ပြောသည်။
“ ဒီလိုသာ သတ်ဖြတ်မူတွေဖြစ်နေတယ်။ တရားခံလည်း ဖမ်းဆီးရရှိမူ မရှိဘူး။ ဒီလိုအနေအထားတွေကြောင့် ရွာခံတွေ စိုးရိမ်မှုမြင့်တက်ပြီး ရွာမှာမနေဝံတဲ့ အနေအထားဖြစ်နေပါတယ်။ လုံခြုံမှု လုံးဝမရှိတော့သလို ဖြစ်နေပြီ။ အထက်ပြူးမကျေးရွာ ပျက်သွားနိုင်ပါတယ်" ဟု ဦးထွန်းလှိုင်က ဆိုသည်။
ယင်းနယ်တစ်ဝိုက်တွင် အထက်ပြူးမကျေးရွာနှင့် အောက်ပြူးမကျေးရွာ နှစ်ရွာရှိပြီး အထက်ပြူးမကျေးရွာတွင် လုံခြုံရေးစခန်း မရှိပေ။ လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်နေသော်လည်း နယ်မြေ ကျယ်ပြန့်သောကြောင့် လုံခြုံရေးအင်အား လုံလောက်မှုမရှိဟု အောက်ပြူးမနယ်မြေရဲစခန်းက စခန်းမှူးက ပြောသည်။
" ကျေးရွာသူ/သားတွေ အသွားအလာ အနေထိုင်တွေ ဆင်ခြင်ဖို့လိုပါတယ်။ ညအချိန်မတော် သွားလာတာတွေ ဆင်ခြင်ရပါမယ်။ ကျွန်တော်တို့ လုံခြုံရေးအဖွဲ့တွေကတော့ အမြဲလည့်ကင်းတို့၊ ဝပ်ကင်းတို့ ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် နယ်မြေကကျယ်ပြန့်တော့ လုံခြုံရေးအင်အား လိုက်မမှီနိုင်ဘူး။ အထက်ပြူးမ ကျေးရွာမှာ ကင်းစခန်းမရှိပါဘူး” ဟု အဆိုပါ စခန်းမှူးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၇ ခု၊ အကြမ်းဖက်ဖြစ်စဉ်တွင် အထက်ပြူးမကျေးရွာသည် ARSA အကြမ်းဖက်သမားများ၏ မီးရှို့ခြင်းကို ခံလိုက်ရပြီး ယင်းနောက်ပိုင်းတွင် နိုင်ငံတော်က နေအိမ် ၁၄ အိမ် ဆောက်လုပ်လှူဒါန်းခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့က မောင်တောမြို့နယ်၊ ကြိမ်ချောင်း(အလယ်) ကျေးရွာနေ မရမာကြီးလူမျိုး မောင်သာလှ နှင့် စောထွန်းဦးတို့ လောင်းလှေ ၁ စီးဖြင့် ပြူးမချောင်းအတွင်းသို့ ငါးဖမ်းရန် ထွက်ခွာလာစဉ် ဘင်္ဂလီ(၆)ဦးက ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။







