ရခိုင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြောင်းအရာအလိုက် အမျိုးသားရေးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြိုကို စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ယနေ့ (ဒီဇင်ဘာလ ၁၉ ရက်နေ့)တွင် ကျင်းပလျက်ရှိသည်။
ရခိုင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြောင်းအရာအလိုက် တင်ပြချက်များကို စုစည်း၍ ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်သို့ မူဝါဒအကြံပြုစာတမ်း တင်သွင်းနိုင်ရန် ရည်ရွယ်ပြီး ကျင်းပနေခြင်းဖြစ်သည်။
ယင်းပွဲတွင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကိစ္စ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု ရခိုင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်း ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ခေါင်းဆောင် ဦးစိုးနိုင်ထွန်းက ပြောသည်။
“ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့အချိန်မှာ ရခိုင်အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ ဒီခုနားကလိုမျိုးပေါ့ အချက်တွေမှာ ဘုံသဘောတူညီချက်ကို ကျန်တဲ့ရခိုင်အင်အားစုတွေနဲ့ စုစည်းနိုင်ဖို့ဆိုတဲ့ အဓိက ရည်ရွယ်ချက်လည်းပါတယ် ” ဟု ဦးစိုးနိုင်ထွန်းက ပြောသည်။
ယင်းဆွေးနွေးပွဲမှ တစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ရန် ရခိုင်ပြည်သူလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ပိုမိုပါဝင်လာရန် မျှော်လင့်ကြောင့် ဦးစိုးနိုင်ထွန်းက ဆက်လက်ဆိုသည်။
“ ရခိုင်ပြည်သူများအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒီထက်မက ပိုမိုပါဝင်စေချင်ပါတယ်။ အရပ်ဘက်အဖွဲ့စည်များအနေနဲ့လည်း ဒီထက်ပိုပြီး စိတ်ဝင်တစားနဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့အတွက်က ဘာတွေနားလည်ထားတယ်။ ဘာတွေသိထားတယ်။ ဘာတွေလိုချင်တယ်။ ဘယ်လိုနစ်နာတယ်ဆိုတာကို ဒီလိုမျိုးလမ်းကြောင်းကပဲ တင်ပြရမှာဖြစ်ပါတယ်။ ဒါကြောင့် လူထုကိုရော အရပ်ဘက်အဖွဲ့အစည်းတွေကိုရော ပိုမိုပါဝင်မှုကို အများကြီးမျှော်လင့်ထားပါတယ် ” ဟု ၎င်းက ဆိုသည်။
ယနေ့တွင် ငြိမ်းချမ်းရေးအကြောင်းရာများ အပါအဝင် မြေယာ၊ သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု အဆိုပါ ဆွေးနွေးပွဲက သိရသည်။
ယင်းဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကိစ္စကို ရခိုင်လွတ်မြောက်ရေးပါတီ( ALP ) ဗဟိုကော်မတီဝင် စောမြရာဇာလင်း၊ ရခိုင်အမျိုးသားပါတီ(ANP) အတွင်းရေးမှူး ဦးသာထွန်းလှ၊ ဒေါ်သင်းသင်းအောင် တို့ ဆွေးနွေးမည်ဖြစ်ကာ မြေယာကဏ္ဍတွင် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက ဆွေးနွေးမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်တွင် ဒေါက်တာမောင်မောင်ကြည် တို့က ဆွေးနွေးမည်ဖြစ်သည်။
ယင်းဆွေးနွေးပွဲအား ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ မျိုးနွယ်စုကိုယ်စားလှယ်များ၊ အဖွဲ့အစည်းကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၃၀၀ ဦး ခန့်တက်ရောက်နေကြသည်။







