ရက္ခိုင့်တပ်မတော်(AA)နှင့် တပ်မတော်တို့ တိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ကျေးရွာသို့ ဒီဇင်ဘာလ ၁၇ ရက်နေ့က စစ်ဘေးရှောင် (၁၀၀)ကျော်ခန့် ရောက်ရှိလာသည်ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်သင်ပုန်းတမ်းအုပ်စု မီးကျောင်းခုတ်ကျေးရွာနှင့် အဝကျေးရွာများမှ အိမ်ထောင်စု ၃၁ စု ၊ လူဦးရေ ၁၂၀ ခန့်မှာ စိုင်းဒင်ကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိလာကြခြင်းဖြစ်သည်။
“ စိုင်းဒင်ကျေးရွာမှာ ရောက်နေကြတယ်။ ခမီလူမျိုးတွေပေါ့။ နောက်လည်း လူတွေလာမယ်လို့ ပြောသံကြား တယ်။ အခု သူတို့အတွက် အကူအညီတွေကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေကို အကူအညီတောင်းထားပါတယ် ” ဟု ၎င်းက ပြောသည်။
ယင်းသို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပြင်ချောင်းကျေးရွာအုပ်စုမှ ဒေသခံများကို လေးမြို့ နယ်ခြားစောင့်စခန်းက နေ့စဉ်စစ်ဆေးမှုများ ပြုလျက်ရှိသည်ဟု ဦးအောင်သောင်းရွှေက ဆိုသည်။
“ အခုတစ်ခု ထူးခြားတာက ဘူးသီးတောင်မြို့နယ် စံဂိုးတောင်ကလူတွေ၊ သျှစ်သျှားတောင်ကလူတွေကို နယ်ခြားစောင့်ရဲစခန်းက နေပြီးတော့ နေ့စဉ်စစ်ဆေးမှုတွေ လုပ်နေတယ်။ အခုဆို ၃ ရက်ရှိပြီး။ ရွာသားတွေကို ခေါ်တယ် စစ်တယ်။ တစ်ရက်မှာ တစ်ရွာက သူတို့ ခေါင်းဆောင်လို့ထင်တဲ့ လူ ၃၊ ၄ ယောက်ကျစီ စခန်းကိုခေါ်ပြီး စစ်ဆေးတယ်။ ကျနော်ကတော့ ဖုန်းဆက်ပြီးပြောထားတယ်။ စစ်မယ်ဆိုလို့ရှိရင် ကောင်းကောင်မွန်မွန်စစ်ပေါ့” ဟု ၎င်းကပြောသည်။
ကျေးရွားသားများကို စစ်ဆေးပြီး ပြန်လွှတ်ပေးသည့်ဟု ပြောသော်လည်း ပြန်လွှတ်သောအချိန်မှာ ည (၈၊၉)နာရီခန့်တွင် ပြန်လွှတ်ပေးသောကြောင့် စစ်ဆေးခံလူများမှာ လုံခြုံရေးအရကြောက်ရွံပြီး ရွာမပြန်ဘဲ ရွာလမ်းကြားရှိ ကျေးရွာများတွင် အိပ်နေရသည်ဟု ၎င်းက ဆက်လက်ပြောသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးရှောင်သူ ၆၀၀ ခန့်အထိ ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားသည်။







