သီပေါမြို့က စစ်ဘေးရှောင်များ လယ်ယာထွက်သီးနှံမယူပြီးသေးလို့စိတ်ပူနေကြ

သီပေါမြို့က စစ်ဘေးရှောင်များ လယ်ယာထွက်သီးနှံမယူပြီးသေးလို့စိတ်ပူနေကြ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ တိုက်ပွဲတွေထပ်မံဖြစ်ပွါးတဲ့အတွက် ဒေသခံလူထု ၁၀၀၀ နီးပါးဟာ နေရပ်ကနေထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေ များပြားတဲ့ သီပေါမြို့နယ် နားမခေါ် အုပ်စုမှာ နို၀င်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာဘဲ သီပေါမြို့နယ်ထဲမှာ တိုက်ပွဲကြောင့် ဒေသခံ လူထုတွေဟာ ၃-၄ ကြိမ်ထက်မနည်း စစ်ဘေးရှောင်နေကြရပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က သီပေါမြို့တောင်ဘက် မှာရှိတဲ့နားမခေါ်အုပ်စုအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွါးခဲ့လို့ ဟိုနားရွာ၊ ခိုင်းလုံရွာ၊ တွန်ကျိုင်းရွာ၊ တာလုံရွာနဲ့ ကုန်းဆော့ကျေးရွာအုပ်စု ခိုင်းဟျိုးရွာကဒေသခံရွာသား တွေ ဟာ ဟိုနားရွာက ဘုန်းကြီးကျောင်းနဲ့ မန်ကျောင်းရွာ၊ ပိန်းဆာ ရွာ၊ ကောင်းဝိန်း ရွာ၊ မန်နားရွာ၊ မန်ခုမ်ရွာ၊ မန်မိုင်ရွာတွေကရွာသားတွေကတော့ မန်စံရေကျရွာက ဘုန်းကြီးကျောင်း ၂ နေရာမှာ စစ်ဘေးရှောင်ခိုလှုံ နေကြတာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒေသထဲမှာလည်းစိုးရိမ်နေရ တဲ့အခြေအနေမှာရှိနေသေး တာကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ စားနပ်ရိက္ခာအထူးလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီမှုပေးနေတဲ့ နယ်စည်းမခြား ပရဟိတအဖွဲ့က ကိုမျိုးကပြောပါတယ်။

“၃ ရက်ရှိပြီ ။ ပစ်ခတ်သံတွေကြားတော့ ဟိုနားရွာဘုန်းကြီးကျောင်းမှာသွားစုကြတာ။ ကျနော်တို့ကို အကူ အညီလှမ်းခေါ်တော့ ကျနော်တို့က သူတို့ကို နားမခေါ်ဘုန်းကြီးကျောင်းကိုပို့ပေးလိုက်တယ်။ လူဦးရေက စာရင်းအရ ၄၃၈ ဦး ရှိတယ်။သူတို့လောလောဆယ် စားနပ်ရိက္ခာလိုနေတယ်။ ကျနော်တို့ကတော့ နဲနဲပါးပါး သွားပြီးကူညီထောက်ပ့ံပြီးသားပါ။ တခြားအဖွဲ့တွေလာပြီးကူညီထောက်ပ့ံတာတော့မတွေ့သေးပါဘူး။ မန်စံရေကျဘက်မှာတော့ ၅၀၀ နီးပါးရှိပါတယ်။ ”

တိုက်ပွဲက ဟိုနားရွာအရှေ့ဘက် ၁ မိုင်အကွာလောက်မှာဖြစ်ကြတာဖြစ်ပြီး ဟိုနားဘက်ကနေ ထော်လာဂျီ ၃ စီးနဲ့တက်လာတဲ့ အစိုးရတပ်မတော်ရဲ့စစ်ကြောင်းကို လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ ကချုံခိုတိုက်ခိုက်ခဲ့တာဖြစ် ကြောင်း သိရပါတယ်။

အစိုးရဘက်က RCSS/SSA ကချောင်းမြောင်းပစ်ခတ်တယ်လို့ပြောပေမယ့် RCSS/SSA Taifreedom Website မှာတော့ SSPP/SSA နဲ့တပ်မတော်တို့တိုက်ပွဲဖြစ်တာလို့ ဖော်ပြထားပြီး၊ SSPP/SSA ဘက်လည်း မိမိတို့တပ်ဖွဲ့ မဟုတ်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့ က ၄င်းပိုင်တဲ့ SSPP Info ပေ့မှာ ရေးသားဖော်ပြထား ပါတယ်။

နားမခေါ်ဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်တွေကိုကူညီမှုပေးနေတဲ့ သီပေါဒေသခံ စိုင်းမောင် ကတော့ အခုလိုပြောပါတယ်။

“အစိုးရစစ်တပ်ဘက်က ၂ ယောက်ထိခိုက်ဒဏ်ရာရတယ်။ ဘယ်အဖွဲ့နဲ့ တိုက်ပွဲဖြစ်တာတော့မသိဘူး။ အစိုးရစစ်ကြောင်းကမိုင်းရယ်ဘက်ကလာတာ။ ဟိုနားရွာ တာ့လုံရွာနဲ့ ၀မ့်ဟုမ့်ရွာတွေမှာ စစ်ကြောင်းချပြီး လှုပ်ရှား နေတာ အခုအထိဘဲ ။ ”

ဆန်စပါးရိတ်သိမ်းချိန်ဖြစ်ပေမယ့် စစ်ဘေးရှောင်တွေဟာ လယ်ယာခြံတွေကိုပစ်ထားပြီး စစ်ဘေးရှောင်နေကြ ရတာ အခြေအနေမအေးချမ်းသေးတာကြောင့် နေရပ်မပြန်နိုင်ကြသေးပါဘူး။ ဟိုနားဘုန်းကြီးကျောင်းရောက် တွန်ကျိုင်းရွာသူ နိုင်းလုံ က ပြောပါတယ်။

“ထွက်ပြေးရတာပေါ့ ။ မထွက်ပြေးရင် ထိပြီပေါ့။ ဖိနပ်တောင်မရလိုက်ဘူး။ ကလေးချီပြီးတော့ထွက်ပြေးတာ။ အဝတ်အစားတောင်မရလိုက်ဘူး။ စပါးတွေတော့ပျက်ကုန်လောက်ပြီ ။ ရွာမှာဘယ်သူမှလည်း မနေရဲကြတော့ ဘူးလေ။ မနေ့ကလည်းရောက်လာ ဒီနေ့လည်းထပ်ရောက်လာ ကြတုန်းဘဲ ။ တိုက်ပွဲတွေအမြန်ရပ်ပေးပါ လို့တောင်းဆိုချင်ပါတယ်။ ”

မန်စံရေကျဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ မန်မိုင်ပိန်းမုံရွာသူ အသက် ၆၀ ကျော်အရွယ် နိုင်းမွန်း ကတော့ သူ့လယ်က စပါးတွေရိတ်သိမ်းခဲ့ပြီးပြီဆိုပေမယ့် လယ်ထဲမှာဘဲပုံထားရကြောင်း၊ သူ့ခြံကပြောင်းတွေ တဖူးမှမချိုးရသေးတဲ့အတွက် စိတ်ပူနေကြောင်း ပြောပါတယ်။

“တိုက်ပွဲထပ် မဖြစ်စေချင်တော့ဘူး။ တနှစ်ပတ်လုံး စစ်ဘေးရှောင်နေရတယ်။ ဒီနှစ်ထဲမှာ ၄ ကြိမ်ရှိပြီ။ လဆုတ် ၁၀ ရက်ကတည်းကထွက်လာတာ။ ၁၀ ရက်ကျော်ပြီလေ။ ဒီတခါစစ်ဘေးရှောင်ရတာအကြာဆုံးဘဲ။ တိုက်ပွဲက ရွာနဲ့ ၅ မိုင်လောက်အကွာမှာဖြစ်တာလေ။ အခုအဖွားတို့ခိုနေတဲ့ဒီဘုန်းကြီးကျောင်းနဲ့ အဘွားတို့ရွာနဲ့က ၄ မိုင်လောက်ဝေးပါတယ်။ ရွာဘက်မှာ စစ်သားတွေရှိနေသေးတယ် အခြေအနေမကောင်းသေးဘူးဆိုလို့မပြန်ရဲကြ သေးတာ။ စပါးတွေကတော့ ရိတ်ပြီးကြပါပြီ။ ပုံထားရတယ်။ မရိုက်ရသေးဘူး။ တော်တော်များများက ပြောင်းမချိုးရသေးဘူး။အဖွားခြံကပြောင်း တဖူးမှမချိုးရသေးဘူး။ ဒီက လူတွေတချို့ရွာပြန်ပြီး လယ်ယာခြံတွေထဲအလုပ်သွားလုပ်။ အခြေအနေကောင်းရင်ခြံထဲမှာအိပ်တာ။ အဲ့ကြောင့်အခုကျောင်းမှာလူသိပ်မရှိဘူး။ ”

မန်စံရေကျရွာမှာ စစ်ဘေးရှောင်ကလေးတွေရဲ့ပညာရေး အတွက်တဖက်တလမ်းကနေကူညီထောက်ပ့ံမှုပေး နေတဲ့ မန်စံရေကျက အုပ်ချုပ်ရေးမှူးဦးခင်မောင်ရင်က အခုလို ပြောပါတယ်။

“ဒီနှစ်ထဲမှာသူတို့ ၃ ကြိမ်ရှိပြီ။ အေးအေးချမ်းချမ်းဖြစ်ရင်တော့ကောင်းတာပေါ့ ။ သူတို့ စပါးပြန်ရိတ်ကြမယ်။ တရက်ဆိုလည်းတရက် ပြေလည်သွားမှာပေါ့။ ပြောင်းဆိုရင်လည်းပြောင်းတရက်ချိုးရင်လည်း တရက်ပြေလည်သွားမှာပေါ့။ ဘာဘဲဖြစ်ဖြစ် ငြိမ်းချမ်းရင်တော့ကောင်းတာပေါ့။ ”

သီပေါမြို့နယ် နားမခေါ်အုပ်စုမှာ အစိုးရတပ်မတော်အပြင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA နဲ့ တောင်ပိုင်းသျှမ်းပြည်တပ်မတော် RCSS/SSA တို့လှုပ်ရှားသွားလာနေပါတယ်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...