ဘူးသီးတောင်မြို့နယ် မြို့မချောင်းကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ နှစ်ဘက်တိုက်ပွဲများဖြစ်ပွားခဲ့ကြရာတွင် စက်လှေမောင်း သည့် အရပ်သားတစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြန်မာ့တပ်မတော်စစ်ကြောင်းသည် မြို့မချောင်းကျေးရွာမှ ကင်းချောင်းကျေးရွာသို့ စက်လှေ ၅ စီးဖြင့် လာစဉ် ရက္ခိုင့်တပ်မတော်နှင့်တွေ့ကာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စက်လှေမောင်းသူ ကျွဲချေ(ခ)အောင်ကျော်ထွန်း၏လက်ဖျန်အား သေနတ်ကျည်ဖောက်ဝင်သွားခဲ့ကြောင်း သိရသည်။
“နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြတဲ့အခါ ကျနော့်လက်ဖျန်ကို ကျည်ဖောက်ထွက်သွားပါတယ်။ ၅ မိနစ် လောက် တိုက်ပွဲဖြစ်ပြီးတော့ သေနတ်သံတွေရပ်သွားတဲ့အခါ ဆေးတပ်ကလာပြီး ဆေးထည့်ပေးတယ်။ အခုဘူးသီးတောင်ဆေးရုံကိုရောက်တော့ ဆရာဝန်ပြောတာက ကျနော့်လက်ဖျန်အရိုး ကျိုးသွား တယ်တဲ့” ဟု သေနတ်ကျည်ထိမှန်ခဲ့သူ ကိုအောင်ကျော်ထွန်းက ပြောသည်။
မြို့မချောင်းကျေးရွာအနီးတွင် ယင်းနေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့် တပ်မတော်(AA)တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြပြီး ကျေးရွာသူ၊ ကျေးရွာသားများမှာ စိုးရိမ်ထိတ်လန့်မှုများဖြင့် ဝမ်းစာရှာရန်မသွားရဲကြကြောင်းလည်း သိရသည်။
မြို့မချောင်းကျေးရွာတွင်အိမ်ခြေ ၁၇ ဆောင်သာရှိပြီး ကင်းချောင်းကျေးရွာမှာ အိမ်ခြေ ၈၀၀ ကျော် ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုများသည့် ယခုလအတွင်း ပိုမိုများပြားလာနေပြီး တိုက်ပွဲဖြစ်ပွားရာနေရာအနီးမှ ရွာသူရွာသားများမှာလည်း စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။







