ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကြောက်ရွံ့ထွက်ပြေးလာသည့် စစ်ဘေးရှောင်ဦးရေ ၃၀၀ ထက်မနည်းရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ဝန်းချောင်းကျေးရွာမှ အထက်သင်းပုန်းတန်း ကျေးရွာသို့ ဒီဇင်ဘာ ၈ ရက်နေ့တွင် တိမ်းရှောင်ထွက်ပြေးလာသည့် မြိုတိုင်းရင်းသား ၄၀ ကျော်ရှိပြီး ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာမှ စည်တောင်ကျေးရွာသို့ ယမန်နေ့ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တိုက်ပွဲတိမ်းရှောင်လာသူ ၂၅၀ ကျော်ရှိကြောင်း သိရသည်။
ကံပြင်ကျေးရွာမှ စည်တောင်ကျေးရွာသို့ တိမ်းရှောင်လာသူ ဦးမောင်သိန်းလှိုင်က “ ဒီနေ့မနက် ၁၀ နာရီခွဲက ကျွန်တော့်ရွာနားမှာ တိုက်ပွဲဖြစ်နေတာကြောင့် ကြောက်လန့်ပြီး ပြေးလာတာပါ။ လက်နက်ကြီး ၄ ချက်လောက် ထုတာနဲ့ ရွာကနေအိမ်ကိုလည်း ကျည်ဆံကျလာပါတယ်။ ရွာကနေ အစိုးရတပ်ဖွဲ့ တောင်ပေါ်ကို တက်သွားတာနဲ့ ခဏနေရင် တိုက်ပွဲဖြစ်တာပါ။ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ ရွာက ၂ ဖာလုံလောက်ပဲဝေးပါတယ်။ ကျတော်ပြောနေတဲ့နေရာကတောင် အခုအချိန်ထိ သေနတ်သံတွေ ကြားနေရတုန်းပါ ” ဟု ယမန်နေ့နေ့လည် ၁၂ နာရီခွဲအချိန်တွင် DMG သို့ ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်တိမ်းလာသူများအား စည်တောင်ကျေးရွာ စာသင်ကျောင်းတွင် ယာယီ နေရာချပေးထားပြီး စားသောက်ရေးအတွက်ကိုလည်း ၎င်းကျေးရွာမှ ကူညီပေးလျက်ရှိကြောင်း သိရသည်။
စည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွှန့်က “ကံပြင်ကျေးရွာသားတွေ စည်တောင်ရွာကို ရောက်ရှိနေတာမှန်ပါတယ်။ သူတို့ကတိုက်ပွဲကြောင့် စစ်ဘေးရှောင်လာတာလို့သတင်းကြားနေ ရပါတယ်။ ကျနော်က ဘူးသီးတောင်မှာ အစည်းဝေးတက်နေတာပါ။ လက်ရှိသူတို့ကို စာသင်ကျောင်းမှာပဲထားပါတယ် ” ဟု ပြောသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့အကြားတိုက်ပွဲဖြစ်ပွားမှုသည် ယခုဒီဇင်ဘာလ အတွင်းပိုမိုများပြားလာပြီး တိုက်ပွဲဖြစ်ပွားရာနေရာအနီးမှ ကျေးရွာသားများမှ ကြောက်ရွံ့ထွက်ပြေး နေကြရကြောင်း သိရသည်။







