သျှမ်းစာပါတဲ့မြို့အဝင် အထွက်ဆိုင်းဘုတ် ကျိုင်းတုံတွင်စိုက်ထူ

သျှမ်းစာပါတဲ့မြို့အဝင် အထွက်ဆိုင်းဘုတ် ကျိုင်းတုံတွင်စိုက်ထူ
Photo by Keng Tung Youth- သျှမ်းစာပါတဲ့ ကျိုင်းတုံမြို့အဝင်ဆိုင်းဘုတ်
Photo by Keng Tung Youth- သျှမ်းစာပါတဲ့ ကျိုင်းတုံမြို့အဝင်ဆိုင်းဘုတ်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ၂၁၁၃ ခု သျှမ်းနှစ်သစ် တရက်နေ့တုန်းက သျှမ်းစာပါတဲ့ ကျိုင်းတုံမြို့အဝင်ဆိုင်းဘုတ်ဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ကျိုင်းတုံမြို့မှကြိုဆိုပါ၏ ဆိုတဲ့ တိုင်းလုံ စာ ၊ တိုင်းခင် စာတွေနဲ့ရေးသားထားတဲ့ ဆိုင်းဘုတ်ကို တာချီလိတ်ဘက်ကလာတဲ့ ကျိုင်းတုံမြို့အဝင်မှာ စိုက်ထူထားပြီး ဒီဇင်ဘာလ ၈ ရက်နေ့ သျှမ်းသက္ကရာဇ် ၂၁၁၃ ခု နှစ်ဆန်းတရက်နေ့တုန်းက ဖွင့်ပွဲလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဖွင့်ပွဲကို ဒေသခံလူထု၊ ကျိုင်းတုံမြို့တွင်းတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ တက္ကသိုလ်ကျောင်းသားလူငယ်များ၊ အမျိုးသားကျောင်းမှကျောင်းသား၊ ဆရာများအဖွဲ့နဲ့၊ နိုင်ငံရေးပါတီတွေစုပေါင်းတက်ရောက်ခဲ့ကြပါတယ်။

ကျိုင်းတုံမြို့တွင်းတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လက်ထောက်အတွင်းရေးမှူး စိုင်းဆမ်တစ်ဆေ က-” မနက်ပိုင်းမှာကျနော်တို့ ဆိုင်းဘုတ်ဖွင့်ပြီးမှ မိန်းလီပိန်းစိုင် ဘုန်းကြီးကျောင်းပြန်သွားပြီး ကောက်သစ်လှူကြပါတယ်။ အဲ့နေ့ညနေပိုင်းမှာ ကောင်းမူးခမ်းကျောင်းတိုက်မှာ သျှမ်းသမိုင်းနဲ့ပတ်သက်တဲ့ စာပေဟောပြောပွဲကျင်းပပါတယ်။ ” – လို့ သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

ကျိုင်းတုံမြို့အဝင်အထွက်လမ်းမှာ အခုလို သျှမ်းစာပါတဲ့ ဆိုင်းဘုတ်တွေကို ကျိုင်းတုံ-တာချီလိတ်လမ်း၊ ကျိုင်းတုံ- တောင်ကြီးလမ်း၊ ကျိုင်းတုံ-မိုင်းခတ် လမ်း၊ ကျိုင်းတုံ- မိုင်းလား လမ်း၊ ကျိုင်းတုံ-လွယ်မွေ လမ်း တွေမှာ သွားရောက်စိုက်ထူထားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

အခုက ကျိုင်းတုံ-တာချီလိတ်လမ်း တနေရာဘဲ စိုက်ရသေးတယ်။ နောက်ထပ် ကျိုင်းတုံ-တောင်ကြီးအထွက်သွားလမ်းမှာသွားစိုက်ဖို့ စီစဉ်နေပါတယ်။ ဆိုင်းဘုတ်တခုကို ကျပ်သိန်း ၅၀ လောက်ကုန်မယ်လို့ ခန့်မှန်းထားတယ်။ အခုတောင်မှ ဒီတခုတည်းက ကျပ်သိန်း ရ၀ လောက်ကုန်နေပြီ- လို့ စိုင်းဆာမ်တစ်ဆေ ကပြောပါတယ်။

ဒီဆိုင်းဘုတ်ကို စက်တင်ဘာလကတည်းက စတင်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

သျှမ်းပြည်နယ်အတွင်းရှိ မြို့ဝင်/ထွက် များရဲ့ ဆိုင်းဘုတ်တွေကို အများသုံး၊ ရုံးသုံးဖြစ်တဲ့ မြန်မာဘာသာ အပြင် သက်ဆိုင်ရာမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားလူမျိုးတို့ရဲ့ ဘာသာစာပေတွေ ထည့်သွင်းရေးသား လိုက လွတ်လပ်စွာ ရေးသားနိုင်ကြောင်း သျှမ်းပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီးက ၂၀၁၆ ဂျွန်လက စာထုတ်ပြန်ထားဖူးပါတယ်။ အဲဒီအချိန်ကစပြီး တောင်ကြီးမြို့အပါအဝင် မြို့နယ်အများအပြားမှာ တိုင်းရင်းသားဘာသာစာပေတွေနဲ့ ရေးသားထားတဲ့ မြို့အဝင်အထွက် ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြပါတယ်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...