အဆိုပါ နှစ် ၄၀ ပြည့်ပွဲတွင် Vulmawi တီးဝိုင်းမှ အဖွဲ့ဝင်များဖြစ်ကြသော Buta, Siama, Lalruanga, Tawna တို့မှ လှိုက်ရှိုးဖြင့် ၎င်းတို့အောင်မြင်ကျော်ကြားခဲ့သော သီးချင်းများကိုပြန်လည်သီဆိုကြမည်ဖြစ်ပြီး၊ ကလေးမြို့တာဟန်း အခြေစိုက် T.Melody, Zoforce စသည့် အောင်မြင်နေသောတီးဝိုင်းအဆိုတော်များကလည်း ပါ၀င်အားဖြည့် ကြမည် ဖြစ်သည်။
ထို့အပြင် Vulmawi Icon သီချင်းဆိုပြိုင်ပွဲ၊ ဘော်လီဘော၊ ကြက်တောင် စသည့်အားကစားများကိုလည်း ကျင်းပသွားမည် ဟု သိရသည်။
၁၉၇၆ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Vulmawi တီးဝိုင်းတွင် Siama, Hmingliana, Thawngnoa, Butta, Lalruanga, Zothana, Salai Tawna, Zara နှင့် Ronghaka တို့ပါ၀င်ပြီး သူ့ခေတ်သူ့အခါတုန်းက ဇိုးမျိုးနွယ်စုများ အကြားလျှမ်းလျှမ်းတောက် အောင်မြင် ကျော်ကြားသည့် တီးဝိုင်းဖြစ်သည်။
ယခုအခါ အဖွဲ့ဝင် ၄ ဦးဖြစ်သည့် Thawngnoa, Zothana, Ronghaka နှင့် Zara တို့သည် ကွယ်လွန်သွားကြပြီဖြစ်ပြီး ကျန်သည့် ၅ ဦးမှာလည်း ဆွစ်ဇာလန်၊ အမေရိကန်၊ မီဇိုရမ်နှင့် ကလေးမြို့တို့တွင် နေထိုင်လျက်ရှိကြသည်။ ယခုပွဲသည် Vulmawi အဖွဲ့သားများ နှစ်ပေါင်းများစွာ ခွဲကွာခဲ့ကြပြီးနောက် ပြန်လည်ဆုံတွေ့ကြမည့်ပွဲလည်းဖြစ်သည်။
နှစ် ၄၀ ပြည့် အထိမ်းအမှတ်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ပုံငွေရှာဖွေသည့်အနေဖြင့် Vulmawi Nite concert ကို နိုဝင်ဘာ ၅ ရက်နေ့ညတွင် မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်ရှိ ဟိုတယ် Floria Rooftop တွင် ပြုလုပ်သွားမည်ဖြစ်သည်။
ယင်းအစီစဉ်တွင် Vulmawi အဖွဲ့သားများဖြစ်သည့် Butta နှင့် Siama တို့လည်း ပါ၀င်သီဆိုကြမည့်အပြင် မီဇိုရမ် ပြည်နယ် နာမည်ကျော် အဆိုတော် ၁၀ ဦးတို့က Vulmawi အဖွဲ့၏ အထင်ကရ ဂန္ထဝင်သီချင်းများကို ပြန်လည်သီဆိုကြမည်ဖြစ်သည်။







