အင်းဒင်ကျေးရွာသုသာန်၌ တွေ့ရှိခဲ့သော ရုပ်အလောင်း(၁၀) လောင်းအမှုနှင့် ပတ်သက်ပြီး ထောင်ဒဏ်(၅) နှစ် ချမှတ်ခံလိုက်ရသည့် ကျောင်းဆရာ ကိုထွန်းအေး ပြည်နယ်တရားလွှတ်တော်တွင် ယခုလအတွင်းတွင် အယူခံဝင်မည်ဟု သူ၏ရှေ့နေ ဦးခင်ဝင်းက DMG ကိုပြောသည်။
တရားရုံးက အပြစ်ပေးနိုင်လောက်သည့် အချက်မရှိဘဲ သံသယအချက်များကို အခြေခံချမှတ်ခဲ့သောကြောင့် ပြစ်ဒဏ်ကို အယူခံဝင်မည်ဟု ရှေ့နေ ဦးခင်ဝင်းက ဆိုသည်။
" ဇူလိုင်လ ၁၀ ရက်နေ့က ပထမအကြိမ် အပြီးသတ်လျှောက်လဲချက် တင်ခိုင်းတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ဒုတိယ အပြီးသတ်လျှောက်လဲချက် တင်ခိုင်းပြန်တယ်။ အမှုတစ်ခုမှာ နှစ်ကြိမ် အပြီးသတ်လျှောက်လဲချက် တင်တယ်ဆိုတာ မရှိဖူးပါဘူး။ အပြီးသတ် လျှောက်လဲချက်ပေးပြီး တရားခံကို နောက်တိုးသက်သေ တင်ခိုင်းတယ်။ တရားခံကိုမစစ်ဘဲ တရားသူကြီးက အမှုစစ်ကို ရုံးခေါ်ပြီး ပြန်ခေါ်သက်သေအဖြစ် စစ်ကာ ရဲအရာရှိကို အစစ်ခံချက်တွေကိုမေးပြီး မှတ်တမ်းတင်ထားတယ်။ ထပ်ပြီး လျှောက်လဲချက်ပေးခိုင်းတယ်။ ပြီးမှ အမိန့်ချမှတ်လိုက်တာပါ” ဟု ရှေ့နေ ဦးခင်ဝင်းက ပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး ၎င်းအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဖမ်းဆီးကာ ပုဒ်မ ၃၀၂(၂) /၃၄ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ကျောင်းဆရာ ကိုထွန်းအေး၏ဖခင် ဦးမောင်နီသည် သြဂုတ်လ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် နွားရှာစဉ် အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
အင်းဒင်ကျေးရွာသုသာန်၌ တွေ့ရှိခဲ့သော ရုပ်အလောင်း ၁၀ လောင်းသည် ဘင်္ဂါလီအကြမ်း ဖက်သမားများ၏ ရုပ်အလောင်းများဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရွာသားအချို့က သတ်ဖြတ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။







